Home သတင်း စက်သုံးဆီအခက်အခဲကြောင့် ရေးမြို့နယ်တွင် အချိန်ပိုင်းစနစ်ဖြင့်သာ လျှပ်စစ်မီးပေးတော့မည်

စက်သုံးဆီအခက်အခဲကြောင့် ရေးမြို့နယ်တွင် အချိန်ပိုင်းစနစ်ဖြင့်သာ လျှပ်စစ်မီးပေးတော့မည်

968

စက်တင်ဘာလ၂၀ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်သို့ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများမှ မီးစက်ကြီးများ အတွက် စက်သုံးဆီဝယ်ယူရန် အခက်အခဲရှိလာသောကြောင့် မြို့နယ်အတွင်း အချိန်ပိုင်းစနစ်ဖြင့်သာ လျှပ်စစ်မီး ပေးတော့မည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီမှ ကြေငြာထားသည်ဟု ဒေသခံများ ပြောစကားအရ သိရ သည်။

ရေးမြို့နယ်မြောင်ပိုင်းနှင့် တောင်ပိုင်းတွင် ယခင်ကလို ၂၄နာရီ မီးမပေးတော့ဘဲ ညပိုင်း သို့မဟုတ် နေ့ပိုင်းသာ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပြောင်းလဲပေးတော့မည်ဖြစ်ကြောင်း ရေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ ဒီလထဲမှာဘဲ ကြေငြာထားတာ။ မီးကို အချိန်ပိုင်းဘဲပေးတော့မယ်လို့။ အရင်ကလည်း မီးမမှန်ဘူး။ အခုလိုလုပ်လည်း ဘာမှမထူးဘူးလေး။ အဲ့တော့ မီးစက်ကိုသုံးရတယ်။ စိုက်ခင်းက ရေပုံမှန်ဖြန်းပေး ရတာ ဆိုတော့ မီးမရှိရင် မရဘူး။ မီးစက်ပြောင်းရတယ်။ အပိုဝင်ငွေကုန်တာပေါ့။ ဆီဈေးကလည်း ကြီးတယ်။ အခက်အခဲတွေရှိတာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

ရေးမြောက်ပိုင်း နှင့် ရေးတောင်ပိုင်းတွင် ယခင် အရပ်သား အစိုးရလက်ထက်က လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီများမှ မီတာခတစ်ယူနစ်လျှင် ၄၀၀ကျပ်သာ ပေးဆောင်ခဲ့ရပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ဇွန်လမှစ၍ တစ်ယူနစ်လျှင် (၁,၅၀၀) ကျော်ထိ မြင့်တက်လာကြောင်း ၎င်းဒေသခံကဆက် ပြောသည်။

ထို့အပြင် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ရေးမြောက်ပိုင်း ဒေသ တွင်းက ကျေးရွာများကို SMD ကုမ္ပဏီက ဖြန့်ဖြူးပေးနေသလို ရေးတောင်ပိုင်းဒေသတွင်းရှိ ရပ်ကွက်ကျေးရွာ များကိုမူ မြတ်သူရထွန်းကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးပေးလျက်ရှိပြီး ယခုစက်တင်ဘာလမှစ၍ မီတာခ တစ်ယူနစ် လျှင် (၁,၈၀၀) ကျပ်ထိ မြင့်တက်လာကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ရေးမြို့နယ်မှာက မြောက်ပိုင်းနဲ့တောင်ပိုင်းက မီးပေးတဲ့ ပုဂ္ဂလိက ကုမ္ပဏီက မတူဘူး။ ဒါပေမဲ့ မီတာခ တက်တာတော့ တူတူဘဲ။ ပြီးခဲ့တဲ့ နှစ်ကဆို ၁၂၀၀၊ ၁၄၀၀ တဖြည်းဖြည်းတက်လာတာ။ အခုဆို ၁၈၀၀ ထိဖြစ် သွားတယ်။ မီးလည်းမမှန်ဘူး။ မီတာခကတော့ တစ်လတစ်လ တက်နေတယ်။ မီးစက်အတွက်ကလည်း ဒီမှာက ဆီဝယ်ရတာ ဈေးကြီးတော့ ပုံမှန်တိုင်းဆို မဝယ်နိုင်ဘူး။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ရေးမြို့နယ်တွင် မကြာခဏဆိုသလို ပစ်ခတ်မှုများလည်း ဖြစ်ပေါ်နေပြီး စစ်အုပ်ရေးအမိန့် ထုတ်ပြန် ထားသလို ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့ကလည်း စစ်ဆင်ရေးကွပ်ကဲမှူး ဌာန ချုပ်(စကခ) အမှတ် ၁၉ လက်အောက်ခံ ရဲသတင်းပေးတပ်ဖွဲ့(SB) ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်ကြီး မြင့်လွင် သည် ရေးဘီလူးအဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရသေးသည်။