Home သတင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားနိုင်ပြီးဟု KNU တာဝန်ရှိသူပြော

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားနိုင်ပြီးဟု KNU တာဝန်ရှိသူပြော

1304

စက်တင်ဘာ ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီအုပ်ချုပ်ခဲ့သောဘုရားသုံးဆူ မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ ၆ မှ ထိန်းချုပ်ထားနိုင်ပြီးအုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်ဆောင်ရွက်နေပြီးဖြစ်သည်ဟု နယ်မြေခံ KNU တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံး၊ စစ်ဖက်ဆိုင်ရာစုံစမ်းရေးရုံး (စရဖ) နှင့် အခြားဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ သွား ရောက်ရှင်းလင်းခဲ့ပြီးနောက် KNU တပ်မဟာ ၆ ၏ အုပ်ချုပ်မှုယန္တရားကို ဇွန်၊ ဇူလိုင်လတွင် စတင် အကောင် ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း KNUတပ်မဟာ(၆)၏မြို့နယ် တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “KNU တရားစီရင်ရေးလုပ်ငန်းတွေ အုပ်ချုပ်ရေးလုပ်ငန်းအားလုံး ကျနော်တို့ချထားတယ်။ အုပ်ချုပ်ရေး အဖွဲ့ လည်း ဖွဲ့စည်းထားတယ်။ အခြားကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး အကောင်ထည်ဖော် ထားတာပေါ့နော်။ စစ်ကောင်စီလည်း သူတို့စခန်းမှာပဲ သူတို့ဘာသာသူတို့နေတယ်။ ဘာမှကန့်ကွက်မှုမရှိပါဘူး။ ဝင်ရောက်နှောက်ယှက်တာလည်း မရှိပါဘူး။ KNU အုပ်ချုပ်ရေးအနေနဲ့ပဲ ဆက်သွားနေတယ်” ဟု စက်တင်ဘာ ၁၉ ရက်နေ့က ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဘုရားသုံးဆူမြို့တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တို့၏ အခြေစိုက်ရုံး များရှိ နေပြီး မြို့ပေါ်တွင် KNU အုပ်ချုပ်ရေး လုပ်ငန်းများ ချမှတ်ဆောင်ရွက်သည့်အပေါ် ကန့်ကွက်မှုတစ်စုံတစ်ရာမရှိသလို အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက် နေသည်ဟု ဘုရားသုံးဆူမြို့ခံ လူထုများကဆိုသည်။

အလားတူ KNU တပ်မဟာ (၆) နယ်မြေအတွင်း အခြားသော မြို့နယ်များတွင်လည်း စစ်ကောင်စီ၏ အခြေစိုက် စခန်းတချို့ကို ကေအဲန်ယူက တိုက်ခိုက် သိမ်းပိုက်ထားခြင်းမျိုးရှိပြီး ထင်ရှာသည့် စခန်းသိမ်းယူမှု တွင် မြဝတီမြို့ အနီးရှိ စစ်ကောင်စီ ၏ အရေးပါသော လက်ခတ်တောင်စခန်းကို သိမ်းယူထားနိုင်သလို ယခုလတွင်လည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေတလျောက် နယ်စပ်ဂိတ်စခန်းနှင့် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းယူရမိသည့် ဖြစ်စဉ်များလည်းရှိသည်။

စစ်ကောင်စီအနေဖြင့် KNU တပ်မဟာ(၆) နယ်မြေတွင် နေ့စဉ် လေကြောင်း၊ကြည်းကြောင်းအပြင် လက်နက် ကြီးများဖြင့် လာရောက်ပစ်ခတ်လျှက်ရှိသည့်အတွက် သောင်းနှင့်ချီသည့် ဒေသခံလူထု စစ်ဘေးတိမ်း ရှောင် နေကြရဆဲဖြစ်ပြီး ဝင်းရေးမြို့နယ် ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီ စစ်ကြောင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသည်သာမက ကျေးရွာအတွင်း လက်နက်ကြီးများပါ ပစ်ခတ်သည့်အတွက် စစ်ရှောင်လူနေအိမ်အများအပြား ထိမှန်ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း စစ်ရှောင်ကူညီ သူများကပြောသည်။