စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ မတရားအာဏာသိမ်းယူမှုကြောင့် လူထုဆန္ဒနှင့်အညီ မလွဲမရှောင်သာ လက်နက်ကိုင် လမ်း စဉ်ကို ရွေးချယ်ပြီး ‘အောင်ဆန်းလမ်းစဉ်’ ဖြင့် ဆက်လက်တိုက်ပွဲဆင်နွှဲနေသည်ကို ဂုဏ်ယူကြောင်း ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ ထူ ထောင်ခြင်း ၃၅ နှစ်မြောက်အတွက်ပေးပို့သော ပအိုဝ်းဖက်ဒရယ်ကောင်စီ-PNFC ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနည်းလမ်းကို ဦးစားပေးပြီး ဆောင် ရွက်တယ်။ တစ်ဆက်ထဲမှာပဲ နိုင်ငံရေးနည်းလမ်းနဲ့မရရင် လက်နက်ကိုင်တော်လှန်ရေးကိုပဲ ပြင်ဆင် ထားခဲ့သူဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စပြီးတည်ထောင်ကတည်းကနေ ၂၀၂၀ ရွေး ကောက်ပွဲကာလမှာ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ရပ်တည်ခဲ့တာဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပြီး နောက် လူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အချိန်မှာတော့ နိုင်ငံရေးနည်းလမ်းကို စစ်အုပ်စုက လုံးဝ ဖျက်ဆီးလိုက်တဲ့အချိန်မှာ လက်နက်ကိုင်နည်းလမ်းကို မလွဲသာမရှောင်သာ ပါဝင်ဆင်နွှဲ နေကြ တာဖြစ်တယ်။ အဲဒါကြောင့် NLD အဖွဲ့ဝင်အနေနဲ့ နိုင်ငံရေးလမ်းစဉ်ကို ခိုင်ခိုင် မာမာရပ်တည်ကျင့်သုံး တယ်။ နိုင်ငံရေးလမ်းကြောင်းပျောက်သွားတဲ့အချိန်မှာ ပြည်သူလူထုနဲ့အတူ တော်လှန်ရေးမှာ ခုခံပါဝင်နေကြတာကို ဂုဏ်ပြုရတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
NLD စတင်ဖွဲ့စည်းချိန်မှစ၍ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလအထိတွင် နိုင်ငံရေးလမ်းစဉ်ဖြင့် မယိမ်း မယိုင် ရပ်တည်လာခဲ့ကာ အခက်အခဲပေါင်းစုံ၊ ညှဉ်းပမ်းသတ်ဖြတ်မှု ပေါင်းစုံကို နိုင်ငံရေးနည်းလမ်းဖြင့် ကြံ့ကြံ့ခိုင်ကျော်ဖြတ်ခဲ့ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်အပေါ် မယိမ်းမယိုင်ရပ်တည်ခဲ့သောကြောင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၁၉၉၀၊ ၂၀၁၂ (ကြားဖြတ်)၊ ၂၀၁၅၊ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုတစ်ခဲနက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း PNFC က ပြော သည်။
ထို့ကြောင့် ယနေ့ ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းသည် စစ်အာဏာရှင်စနစ်တစမကျန် ဖျက်သိမ်း ပစ်ရေးနှင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်းစုံ ဆက်စပ်တိုက်ပွဲဆင်နွှဲရသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်ပြီး NLD အနေဖြင့်လည်း ပင်မနိုင်ငံရေး လမ်းကြောင်းတွင် အောင်ပွဲရသည်အထိလက်တွဲ တိုက်ပွဲဝင်သွားကြမည်ကို ယုံကြည်ကြောင်းလည်း PNFC၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။
စစ်အာဏာရှင်သည် ပြည်သူလူထုဆန္ဒကို မလေးမစားမှု၊ နိုင်ငံ့ကံကြမ္မာကို ချုပ်ကိုင်လိုမှုကြောင့် ၁၉၉၀ တွင် တစ်ကြိမ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင်တစ်ကြိမ် နှစ်ကြိမ်တိုင် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်း ယူခဲ့ကာ ထိုဖြစ်စဉ်နှစ်ရပ်လုံးတွင် ပါတီဝင်များ၏ အသက်သွေးချွေးများစွာစတေးခဲ့ရကာ ပါတီခေါင်း ဆောင်များလည်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ယနေ့အထိ စစ်ကောင် စီ၏ မတရားဖမ်းဆီးခြင်း ခံရသော်လည်း ကြံ့ကြံ့ခံ၍ အနိုင်မခံအရှုံးမပေးတော်လှန်နေကြဆဲဖြစ်သည်ကို ဂုဏ်ယူနေကြာင်းလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCCကလည်း သဝဏ်လွှာပေးပို့ကာ ဂုဏ်ပြုပြော ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်၍ ဖမ်းဆီးထိန်းသိမ်းအကျဉ်းချခံထားရသည့် အရပ် သားပြည်သူပေါင်း (၁၅,၈၃၈)ဦးရှိသည့်အနက် NLD ပါတီဝင် ၁၇၆၉ ဦးပါဝင်သလို ဖမ်းဆီး သတ်ဖြတ်ခံရသည့် ပြည်သူ(၄,၀၁၁)ဦးထဲမှ NLD ပါတီဝင် (၉၇)ဦးပါဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူ (၆၈၈)ဦး၏နေအိမ်အား စစ်ကောင်စီမှ ဥပဒေနှင့် နေအိမ်ချိတ်ပိတ်သိမ်းဆည်းခဲ့မှုတွင် NLD ပါတီဝင်(၃၇၃)ဦး ပါဝင်ခဲ့သည့်အပြင် ပါတီဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော ရုံးချုပ်များ ကျူး ကျော်ဝင်ရောက်ပြီး ပစ္စည်းများသယ်ယူခြင်း၊ ဖောက်ခွဲမီးရှို့ဖျက်ဆီးခံရသည့် အကြိမ် (၁၆၀) ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ယနေ့ ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ ထူထောင်ခြင်း ၃၅ နှစ်မြောက်အတွက် PNFC နှင့် NUCC အပါအဝင် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ် စားပြုကော်မတီ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့လည်း ဂုဏ်ပြုသဝဏ်လွှာ အသီး သီးပေးပို့ခဲ့ကြသည်။



















