Home သတင်း ကျုံဒိုး၊ တောင်ကြာအင်းတွင် ဖြစ်ပွားသော ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးခဲ့

ကျုံဒိုး၊ တောင်ကြာအင်းတွင် ဖြစ်ပွားသော ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးခဲ့

984
Photo: KNU

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO ဦးစီးသည့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသည့် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ သတင်း ထုတ်ပြန်ထားသည်။

တောင်ကြာအင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ(၅၄၆)၊ ခြေလျင် တပ်ရင်း -ခလရ(၂၃၀)၊ ခလရ(၂၀၈) တပ်ရင်းနှင့် ကေအဲန်ယူ -တပ်မဟာ (၆) KNDO တပ်ရင်း (၆)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာလ ၂၂ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၆) ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိုသို့ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် KNDOနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ (၂) ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ကေအဲန်ယူဒူးပလာယာခရိုင်ဘက်က ထုတ်ပြန်ထားပြီး ထိုနှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်များသည် ၎င်းကျေးရွာသို့ ဝင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားကာ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်အားဖောက်ထွင်း မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများအား ယူဆောင်သွားခြင်း၊ ဘုန်းကြီးကျောင်း မှ သာသနာပိုင် ပစ္စည်းများအား ခိုးယူခြင်းနှင့် ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျက်ရှိနေသည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ပြော ဆိုထားသည်။

Photo: KNU