စက်တင်ဘာလ ၃၀ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအပြင်ဘက် ကားလမ်းမကြီးတစ်လျှောက် လမ်းတိုးချဲ့မည့် စီမံ ကိန်းကြောင့် လမ်းဘေးဝဲယာရှိ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များကို ဖျက်သိမ်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဇာသပြင်ကျေးရွာအပြင်ဘက်ရှိ ကားလမ်းမကြီးတလျှောက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင် ပြီး လမ်းတိုးချဲ့မည့် စီမံကိန်းပြုလုပ်ရန်အတွက် လမ်းဧရိယာနှင့်မလွတ်ကင်းသောကြောင့် ဆယ်ရက်အတွင်း ဖျက်သိမ်းပေးရန် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲများက အမိန့်ပေးညွှန်ကြားထားကြောင်း ဇာသပြင်ကျေးရွာရှိ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “အစက အဲ့ဒီမြေက သူတို့အကွက်ချပြီးရောင်းတာက ဆိုင်ခန်းတစ်ခန်းကို ၆၄ သိန်းထိ ပေါက်တယ်။ အဲ့ဒါကို သူတို့က တံတားဆောက်မယ်၊ လမ်းချဲ့မယ် လမ်းမလွတ်လို့ လမ်းကို ပေတစ်ရာချဲ့မယ် အကုန် လုံး ဖျက်ရတယ်။ အလုံးရေ ဘယ်နှစ်လုံးလဲတော့ မသိဘူး။ လမ်းနဲ့တံတားနဲ့ခြားထားတဲ့ စီမံကိန်းအတိုင်း လမ်း ဘေးမှာရှိတဲ့ အရာတွေ လမ်းနဲ့ မလွတ်တဲ့အရာတွေ သူတို့ ပယ်ဖျက်ခိုင်းတယ်။ လမ်းနှစ်ဖက်လုံး ဟိုဖက်ရော ဒီဖက်ရော” ဟု ကေအိုင်စီ သို့ပြောသည်။
နေအိမ်နှင့် ဆိုင်ခန်းများဖျက်ခံရသည့် ဒေသခံများအနေဖြင့် သက်ဆိုင်ရာ စစ်ကောင်စီ လူကြီးများထံသို့ အသနားခံစာတင်ခဲ့သော်လည်း ယခင်လမ်းတိုးချဲ့မည့် ပေ (၁၀၀) စီမံကိန်းမှ (၁၁၅) ပေအထိ ထပ်မံ၍ တိုးချဲ့ လိုက်ကြောင်း ၎င်းဒေသခံတစ်ဦးက ဆက်ပြောသည်။
“ပေ ၁၀၀ ထိ ဖျက်ရမှာဆိုတော့ တစ်ဆိုင်လုံးနီးပါးဖျက်ရမှာလေ။ အဲ့ဒါကို ဆိုင်ခန်းသမားတွေက လူကြီးတွေကို သနားခံစာတင်လိုက်တာ။ အဲ့ဒါကို သနားစာခံတင်မှ ၁၁၅ ပေလောက်အထိ သူတို့ထက်ချဲ့လိုက်တယ်။ အစက တော့ ဆိုင်ခန်းတစ်ဝက်လောက်ပဲဖြတ်ရတယ်။ အဲ့လိုသနားခံစာတင်လိုက်တော့မှ အကုန်လုံး ဖျက်ရတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။
၎င်းဆိုင်ခန်းနှင့် လူနေအိမ်များတည်ဆောက်နေထိုင်ကြသည်မှာ ၁၆ နှစ်နီးပါး ကာလကြာမြင့်ခဲ့ပြီးဖြစ်ကာ ယခုလို ရုတ်တရက် ဖျက်သိမ်းလိုက်ရသောကြောင့် ဈေးဆိုင်ကို မှီခို၍နေထိုင်သူများနှင့် နေအိမ်ပိုင်ရှင်များအတွက် လတ် တလောကာလတွင် နေထိုင်ရေးအတွက် အခက်အခဲများနှင့်ကြုံတွေ့နေကြရပြီး ၎င်းတို့၏ အသိမိတ်ဆွေ ဆွေမျိုးနေအိမ်များထံတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။