Home သတင်း မြဝတီခရိုင်ရဲရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရမှု စစ်တပ်ရှေ့တန်းမှူးနှင့် ခရိုင်ထွေအုပ်အပါအဝင် ၅ ဦးသေဆုံး၊ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦးဒဏ်ရာရထား

မြဝတီခရိုင်ရဲရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရမှု စစ်တပ်ရှေ့တန်းမှူးနှင့် ခရိုင်ထွေအုပ်အပါအဝင် ၅ ဦးသေဆုံး၊ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦးဒဏ်ရာရထား

663
Photo: Crd.

စက်တင်ဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီခရိုင်ရဲစခန်းဝင်းနေရာအား ယမန်နေ့စက်တင်ဘာလ ၃ ရက်၊ ၆ နာရီခွဲကျော်အချိန် ဒရုန်းဗုံး ချတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် မြဝတီစစ်ဒေသရှေ့တန်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦးသေ ဆုံးပြီးခရိုင်ရဲမှူးအပါအဝင် ၅ဦး ဒဏ်ရာပြင်းထန်နှင့် အခြားဆင့်စစ်ကောင်စီဝန်ထမ်း ၈ ဦးထိခိုက် ဒဏ်ရာရရှိထားကြောင်း စစ်ဘက်၊ အရပ်ဘက်သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

ယမန်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် မြဝတီခရိုင်ရဲစခန်းဝင်းသို့ Drop ဒရုန်းဗုံးသီး ၂ လုံး ကျပေါက်ရာသို့ စစ်ကောင်စီတပ်ဖွဲ့များအခင်းဖြစ်နေရာကို လာရောက်ကြည့်ရှုစဉ် ည ၇ နာရီ၂၀ မိနစ်အချိန်တွင် ဒရုန်းဗုံးသီး၂ လုံး ထပ်မံကျရောက်ပေါက်ကွဲသဖြင့် မြဝတီမြို့ စစ်ကောင်စီတပ် ပိုင်း ဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိကြီးများ သေဆုံးပြီး၊ ရဲခရိုင်မှူးအပါအဝင် ၁၃ဦး ထိခိုက် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့ ခံစစ်ဘက်၊ အရပ်ဘက်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

“ညက မိုးချုပ်ခါနီး ရဲစခန်းဝင်းဘက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်ထပ် နာရီဝက်လောက်မှာ ထပ်ပြီး ၂ ချက်ပေါက်ကွဲသံ ထပ်ကြားရတယ်။ အဲ့တာမှာ ပထမအချက် ဗုံးသီးကျတာလာစစ်ဆေးတဲ့ ထွေအုပ် အဖွဲ့တွေ၊ ရှေ့တန်းရုံးအဖွဲ့တွေ၊ ရဲအဖွဲ့တွေသေတာထိတာတွေ ဖြစ်ကုန်တယ်။ ရှေ့တန်းရုံး တွဲဘက် ၂၇၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ ခရိုင်ထွေအုပ်မှူး ဦးစိုးတင့်ရယ်၊ ထွေအုပ်ဦးစီးမှူး ထွန်းထွန်းညိမ်း၊ နောက်ထပ် ယာဥ်ထိန်းရဲအုပ်နဲ့ ထွေအုပ်စာရေးအပါ ၅ ယောက်က သေတယ် ဆိုတာသိရတယ် ”ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သည့် သတင်းအရင်အမြစ်က ပြောသည်။

ထို့အပြင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ထွေအုပ်ဌာန၊ ရဲဌာနနှင့် မြဝတီရှေ့တန်းရုံး စစ်တပ်တပ်ဖွဲ့ ဝင်များအပါအဝင် စုစုပေါင်း ၁၃ ထိခိုက်ဒဏ်ရာရရှိထားပြီး မြဝတီပြည်သူ့ဆေးရုံကို တင်ပို့ကုသရာတွင် ဒဏ်ရာပြင်းထန်သည့် မြဝတီခရိုင်ဒုရဲမှူးအောင်ထက်ဝင်း အပါအဝင် ၆ ဦးအား ထိုင်းနိုင်ငံ မဲဆောက် မြို့ဘက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ လွှဲပြောင်းတင်ပို့ ကုသထားကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်တစ်ခုကလည်း “ရဲစခန်းဝင်းထဲ ထိကုန်တဲ့သူတွေ အကုန်လုံး မြဝတီဆေးရုံကို ပို့တယ်။ အဲ့ဒီမှာ ရဲခရိုင်မှူးအောင်ထက်ဝင်းက ဒဏ်ရာပြင်းတယ်။ နောက် ယာဥ်ထိန်းရဲတွေ၊ နယ်ထိန်းတွေ၊ ထွေအုပ်စာရေးတွေလည်းဒဏ်ရာပြင်းတယ်ဆိုတော့ ၆ ယောက်ကို မဲဆောက်က အင်တာနေရှင်နယ်အပြင် ပုဂ္ဂလိကဆေးရုံကို ဆက်တင်ကုနေတယ်။ ရဲကြေးနန်းမှာတော့ မြဝတီဆေးရုံမှာ ကုသနေတယ်လို့ပဲ သတင်းထွက်ထားတယ် ”ဟု ပြောသည်။

ထိုဗုံးကြဲချမှုဖြစ်စဥ်ကြောင့် မြဝတီမြို့တွင် BGF နယ်ခြားစောင့်တပ်၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်၊ ပျူ စောထီးအဖွဲ့များ လုံခြုံရေးတင်းကြပ်လှည့်လည်ကင်းပတ်နေပြီး ရဲစခန်းလမ်း၊ ထွေအုပ်ရုံးလမ်း၊ အမှတ် ၁ တံတား၊ အမှတ် ၂ တံတား၊ ကုန်သွယ်ရေးဇုန်၊ ၂၇၅ တပ်ရင်း၊ မြို့ဝင်၊ မြို့ထွက်လမ်းများ ယနေ့ နံနက် အထိ လုံခြုံရေးတင်းကြပ်စစ်ဆေးနေကြောင်း မြဝတီကြံခင်းရပ်ကွက်နေ ပြည်သူများက ပြောသည်။

“ ညက သေနတ်ပစ်သံတွေ ဆက်တိုက်ဖြစ်တော့ ရဲစခန်းဘက်မှာ တိုက်ပွဲဖြစ်နေတယ်ထင်ပြီး ရပ်ကွက် ကလူတွေ အကုန်ပြေးပုန်းနေကြရတယ်။ နောက်သိပ်မကြာဘူး၊ ဆေးရုံကားသံတွေ ကြားရပြီး BGF တွေ၊ စစ်တပ်တွေ အကုန်လှည့်နေတော့တာပဲ။ တစ်ညလုံး အိပ်မရဲတော့ဘူး၊ အခုမနက်လည်း စစ်တပ်နဲ့ BGF တွေ၊ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်တို့၊ ပျူစောထီးတို့တွေ လမ်းထောင့်တွေ၊ ရပ်ကွက်ရုံးတွေမှာ ကင်း စောင့်နေကြတယ် ”ဟု ကြံခင်းရပ်ကွက်သားတစ်ဦးက ပြောသည်။

၎င်းဗုံးကြဲတိုက်ခိုက်ခံရသည့် ရဲစခန်းလမ်းနေရာကို ညနေ ၄ နာရီမှစတင်ကာ လမ်းပိတ်ထားပြီး အများပြည်သူသွားလာခွင့်မရသည့်နေရာဖြစ်သလို ၎င်းတို့ရုံးများ ဒရုန်းဖြင့်ဗုံးကြဲချ၍မရအောင် Jumper (ရေဒီယိုလှိုင်းဖြတ်စက်များ) တပ်ဆင်ထားသည့်နေရာဖြစ်သည်ဟု အရပ်ဘက်အုပ်ချုပ်ရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုကိုလက်ခတ်တောင်စခန်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီထောက်ခံသည့် ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားဖော်ပြကြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာတွင် သတင်းအချက်အလက် အတည်ပြုနိုင်ရန် မြေပြင်အခြေအနေကို စိစစ်နေဆဲဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

KNLA ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက “မြဝတီရဲစခန်းဖြစ်စဥ်က သတင်းအတည်ပြု နေတုန်း ပါပဲ။ ကျနော်တို့ဘက်ကိုတော့ ညကစစ်တပ်က ၁၂၀ အမြှောက်တွေနဲ့ပစ်တယ်။ စစ်ရေးသတင်း အချက် အလက်တွေ၊ မြေပြင်အခြေအနေတွေ စိစစ်နေဆဲဖြစ်တယ်။ သတင်းထုတ်ပြန်လာတဲ့အခါ သိပါလိမ့်မယ်”ဟု ပြောသည်။

လတ်တလော မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် ယခုစက်တင်ဘာလ ၄ရက် နံနက်ပိုင်းတွင် ဖားအံမြို့ဘက်မှ မြဝတီမြို့ဘက်သို့ စစ်တပ်ယာဥ်တန်း ကားအစီး၂၀ ခန့်ဖြင့် စစ်အင်အားတိုးချဲ့ စစ်ကူ ပေးရန်လာနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က မြဝတီမြို့ လက်ခတ်တောင်တာဝါတိုင် စစ်စခန်းကုန်းအား ပြန်လည်သိမ်းပိုက်ရန် စစ်အင်အားပြင်ဆင်မှုများ ပြုလုပ်နေပြီး မြဝတီမြို့လုံခြုံရေးကို တိုးမြှင့်စစ်ဆေးနေသည့်အတွက် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများ၊ လိုင်းခန်းများနှင့် မြဝတီမြို့သောင်ရင်းမြစ်ဘေးနှင့်BGF တပ်ဂိတ်ဝင်းများရှိ တရုတ်ကာစီနိုလောင်ကစားရုံများဘက်တွင်လည်း အသွားအလာအဝင်အထွက် ပိတ်ထားကြောင်း လောင်းကစားရုံ အလုပ်သမားများက ပြောသည်။

“ရဲစခန်းဗုံးချခံရတယ်ဆိုတော့ ကျမတို့အလုပ်လုပ်တဲ့ BGF တရုတ်ကာစီနိုဝင်းတွေ ပိတ်လိုက်တယ်။ နောက်ရပ်ကွက်ထဲက ဝန်ထမ်းအိမ်ရာတို့၊ ရဲလိုင်းခန်း၊ ဝန်ထမ်းလိုင်းခန်းတွေက အသိတွေ၊ အမျိုး တွေရှိတော့ သူတို့ကို အခုအပြင်ပေးမထွက်ဘူး။ ညကဖြစ်တဲ့ဟာတွေလည်း မပြောခိုင်းဘူး ၊ ပိတ်ပင် ထားတယ် ”ဟုအလုပ်သမားတစ်ဦးက ပြောသည်။

လတ်တလောတွင် မြဝတီ၊ သင်္ဃန်းညီနောင်၊ အာရှလမ်းသစ်၊ ကော့ကရိတ်၊ မြဝတီလမ်းဟောင်း နေရာ များဘက်တွင် စစ်ကောင်စီတပ်က နယ်မြေခံ ကရင်နယ်ခြားစောင့်တပ် -BGF တပ် ဖွဲ့များနှင့် စစ်ကြောင်းပတ်နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ရေးပြင်ဆင်နေကြောင်း မြဝတီစစ်ဘက်၊ အရပ်ဘက်နီး စပ်သည့်သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။