Home ဆောင်းပါး ဝမ်းပျက်ဝမ်းလျှော(Diarrhea)ရောဂါ ဆင်ခြင်ကာကွယ်စေဖို့ရာ

ဝမ်းပျက်ဝမ်းလျှော(Diarrhea)ရောဂါ ဆင်ခြင်ကာကွယ်စေဖို့ရာ

1759

ဝမ်းပျက်ဝမ်းလျှော(Diarrhea)ရောဂါ ဆင်ခြင်ကာကွယ်စေဖို့ရာ

၀သန်မိုးတွင်းကာလမှာဆို ဖျားနာခြင်းအပြင် နောက်ဆက်တွဲပြဿနာတစ်ခုက ဝမ်းပျက်၊ဝမ်းလျှောခြင်း ဖြစ်ပါတယ်။ မိုးရာသီမှာ ယင်ကောင်ပေါက်ဖွား၊ ကျက်စားတာတွေကြောင့် ဝမ်းရောဂါဖြစ်ပွားမှု၊ ပျံနှံ့မှုနှုန်း မြန်ဆန်ပါတယ်။ မိမိ စားသုံးလိုက်တဲ့ အစာအစား၊ သောက်သုံးတဲ့အရည်ထဲမှာ ပါဝင်တဲ့ ဗိုင်းရပ်စ် (သို့) ဘက်တီးရီးယားပိုးကြောင့် ဝမ်းလျော ခြင်းဆိုတာ ဖြစ်လာပါတယ်။

ဝမ်းလျှောခြင်းမှာ ကာလဝမ်းရောဂါအပြင် ပြင်းထန်တဲ့ ဝမ်းလျှောခြင်းနဲ့ နာတာရှည် ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ပါ တယ်။ နာတာရှည် ဝမ်းလျှောခြင်းဆိုတာ ၃ပတ် မှ ၄ပတ်ကျော်ကြာအောင် ဝမ်းပျက်တာဖြစ်ပါတယ်။
⁃ နာတာရှည်အူလမ်းကြောင်းရောဂါ (irritable bowel syndrome)
⁃ အူရောင်ရမ်းရောဂါ (inflamatory bowel disease)
⁃ အာဟာရဓာတ်များ စုပ်ယူမှုကိုထိခိုက်စေသော Celiac ရောဂါကြောင့် နာတာရှည် ဝမ်းလျှောခြင်း ဖြစ်တာပါ။

ကာလဝမ်းရောဂါအတွက်ကတော့ ဝမ်းလျှောရောဂါဖြစ်ရတာဟာ အကြောင်းရင်းပေါ်မူတည်ပြီး မကြာခဏ ဝမ်းပျက် တာ၊ ဝမ်းအရည်များများသွားတာနဲ့ အူလှုပ်ရှားမှုကြောင့် ဗိုက်ရစ်ပြီးဝမ်းသွားတာ ခံစားရနိုင်ပါတယ်။ ကာလဝမ်းရောဂါ ကတော့ ရက်အကြာကြီးမဟုတ်ဘဲ ရက်အနည်းငယ်သာ ဖြစ်တတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရဲ့ နောက်ဆက်တွဲ ဝေဒနာတွေက –
ပျို့အန်တာ၊ ဗိုက်နာကျင်တာ၊ ဝမ်းဖောရောင်တာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ ဝမ်းဗိုက်ရစ်ပြီး နာတာကိုလည်း ခံစားရ နိုင်ပါသေးတယ်။

ဝမ်းလျှောတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲတွေ၊ ပိုးမွှားတွေကထုတ်တဲ့ အဆိပ်တွေ ပါရှိ တတ်ပါတယ်။ သို့သော် ဝမ်းပိတ်ဆေးကို သောက်လိုက်မယ်ဆိုရင်တော့ အူလမ်းကြောင်းက အဆိပ်ဓာတ်တွေဟာ ထွက်လို့မရတော့ဘဲ ပိတ်မိပြီး ပိုမိုများလာတော့ ခန္ဓာကိုယ်အနှံ့ပျံ့သွားတဲ့အထိ သွေးဆိပ်တက်တတ်တာကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ ဝမ်းပိတ်ဆေးသောက်ခြင်းကို လုံး၀ ရှောင်ရှားပေးပါ။

ဝမ်းလျှောခြင်းဟာ အရည်များကို လျင်မြန်စွာဆုံးရှုံးစေပြီး ရေဓာတ်ခမ်းခြောက်မှုဖြစ်စေတဲ့အတွက် ဓာတ်ဆားရည်ကို ဆတူပြန်သောက်ဖို့ လိုပါတယ်။
ရေဓာတ်ပြည့်ရန် အုန်းရည်စစ်စစ်ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။ အုန်းရည်ဟာ ရေဓာတ်ကို လွန်စွာဖြည့်တင်း ပေးပြီး ပိုတက်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း အရည်များကို ဟန်ချက်ညီစေဖို့ အထောက်အကူဖြစ်စေပါတယ်။

ဒါ့အပြင် ပရိုဘိုင်အိုတစ် ဖြည့်စွက်စာများကို သောက်သုံးပေးနိုင်ပါတယ်။ ဝမ်းလျှောဝမ်းပျက်ဖြစ်ပါက အခြားသူတွေကို မကူးစက်နိုင်ဖို့ မကြာခဏ လက်ဆေးကြောရပါမယ်။ အထူးသဖြင့် အိမ်သာတက်အပြီးမှာ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးရပါတယ်။

သတိထားရမှာက ဝမ်းပျက်နေချိန် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း ရှောင်ပါ။ ဝမ်းသွားထားတဲ့အတွက် ရေဓာတ်ဆုံးရှုံးပြီး အားနည်းနေချိန်ဖြစ်လို့ လေ့ကျင့်ခန်းကို အပြင်းအထန် လုံး၀ မပြုလုပ်သင့်ပါဘူး။

ရေကြီးရေလျှံတဲ့ မိုးတွင်းကာလမှာ ရောဂါပိုးတွေ ပြန့်နှံ့မှုများနိုင်တာကြောင့် လျှံတက်လာတဲ့ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှောင်ရှားပါ။

ဝမ်းပျက်ဝမ်းလျှောတာ မဖြစ်အောင် အစားအစာ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှုကို အထူးဂရုပြုရပါမယ်။ ယင်ကောင်နဲ့ တခြားအင်းဆက်ပိုးတွေ မဝင်ရောက်နိုင်ဖို့ အစားအစာကို လုံခြုံစွာ ဖုံးအုပ်ထားပါ။ စားကြွင်းစားကျန်တွေ ကို စနစ်တကျ စွန့်ပစ်ပါ။ ရေသန့် (သို့) ရေကို ကျိုချက်ပြီးမှ သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အိမ်သာဝင်ပြီးတိုင်းလည်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောလျှင် ကုသနိုင်တာကတော့ –
ပုံမှန်အားဖြင့် ဆုံးရှုံးသွားတဲ့အရည်များကို ပြန်ဖြည့်တင်းရန် ဓာတ်ဆားရည်သောက်ခြင်း၊ ပိုမိုပြင်းထန်သော အခြေအ နေများတွင် သွေးကြောထဲဆေးသွင်းကုသမှုဖြင့် ဆုံးရှုံးသွားတဲ့အရည်များကို ပြန်လည်ရရှိနိုင်ပါတယ်။

ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရင် ပဋိဇီဝဆေး လို့ခေါ်တဲ့ ရောဂါပိုးကိုသေစေတဲ့ ပိုးသတ်ဆေး သောက်သုံးခြင်းဖြင့်လည်း သက်သာစေပါတယ်။

ဝမ်းလျှောတာ အကြိမ်ရေများခြင်း၊ ရေဓာတ်ခမ်းခြောက်မှုအဆင့်ဖြစ်လျှင် မိမိအသက်အရွယ်နဲ့ ကိုက်ညီမဲ့ ကုသမှုတွေ ဆရာဝန်က လိုအပ်သလို ကုသမှုပေးနိုင်ဖို့အတွက် လုံး၀ ပျောက်ကင်းတဲ့အထိ ဆေးရုံ၊ ဆေးခန်းပြသဖို့ လိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောရဲ့ နောက်ဆက်တွဲပြဿနာတွေက ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် ကလေးသေဆုံးမှု ၉ဦးလျှင် ၁ဦးခန့်ရှိ ကြောင်း US CDC က အစီရင်ခံတင်ပြထားပြီး၊ ဝမ်းပျက်၊ဝမ်းလျှောရောဂါဟာ အသက် ၅နှစ်အောက်ကလေးများတွင် ဒုတိယမြောက် သေဆုံးရတဲ့ အကြောင်းရင်းဖြစ်ခြင်းကြောင့် ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပါက အထူး ဂရုပြု ကုသဖို့ တိုက်တွန်း အကြံပြုချင်ပါတယ်။