စက်တင်ဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင် လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ သစ်ချဆိပ်စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ စက်တင် ဘာလ(၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO နှင့်အခြား တော်လှန်ရေး အင်အားစုများ ပူးပေါင်းပါဝင်သော အဆိုပါတိုက်ပွဲအား ဩဂုတ်လ (၃၁)ရက်နေ့ ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ (၁၅) ဦး သေဆုံးခဲ့သလို ပူးပေါင်း တပ်ဘက်မှ (၂)ဦးသေဆုံးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စခန်းကတော့သိမ်းနိုင်သွားပါတယ်။ သိမ်းပြီးတော့ပြန်ဆုတ်ရတာပေါ့ ဆုတ်ပြီး စခန်း ပတ်လည်မှာနေရာယူတာတို့ မဟုတ်ရင်လည်း နဂိုနေရာပြန်သွားတာတို့ လုပ်ရတယ်။ လေယာဥ်နဲ့တက်လာကြဲတော့ သိမ်းပြီးဒီတိုင်းနေလို့မရဘူးလေ” ဟု တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါစခန်းအား သိမ်းပိုက်ရမိစဥ် စစ်ကောင်စီတပ်များထံမှ လက်နက်ငယ်များလည်း သိမ်းဆည်းရမိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ဒေသခံများ နေထိုင်ရာနေအိမ်များ၊ ကျောင်းနှင့်ဆေးရုံဝင်းများအတွင်းမှ တုံ့ပြန်ပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ကူတိုက်ခိုက်ခြင်းနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါသစ်ချဆိပ်စခန်းတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၄၃၉၊ ခလရ-၆၀နှင့် ခြေမြန်တပ်ရင်း ခမရ-၃၅၀နှင့် ၃၅၁ တပ်များမှ တပ်ဖွဲ့ဝင် များသည် ပြည်သူလူထုပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက်ရှိ သည်ဟုလည်း KNU နှင့် ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။
အမည်မဖော်လိုသူ ဒေသခံအမျိုး သမီးတစ်ဦးက “စခန်းတိုင်းလိုလိုပဲ ပစ္စည်းသိမ်းတာက တစ်ခါကလည်း ကျမဝယ်ထားတာတွေ တစ်သိန်းကျော်ဖိုးလောက် အသိမ်းခံရတယ်။” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် အဆိုပါစခန်းနှင့်နီးစပ်သည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသလို လူထု ထိခိုက်သေဆုံးမှုအခြေအနေနှင့် အဆောက်အဦးပျက်စီးမှုအခြေအနေများအား သိရှိ နိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အလားတူ လက်ရှိတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်ရသူဦးရေ ၂ သိန်းကျော်ရှိလာနေသည်ဟုလည်း ကရင်ငြိမ်းချမ်း ရေးအထောက် အကူပြုကွန်ရက်-KPSN ၏ မှတ်တမ်း ပြုစုထားချက်အရ သိရသည်။


















