Home သတင်း တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်

တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်

931
Photo: KNU

စက်တင်ဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ အမှတ်(၅)တပ်မဟာ ထိန်းချုပ် နယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လ ၁ လတာအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်များဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၅)ဘက်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီ၊ BGFပူးပေါင်း တပ်ဖွဲ့တို့အကြား တစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း (၁၄၃) ကြိမ်မှ စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုစာရင်းကို ကေအဲန်ယူဘက် ထုတ်ပြန်လာခြင်းဖြစ်သည်။ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသလို နယ်မြေခံ KNLA တပ် ဘက်မှလည်း ရဲဘော် ၅ ဦးကျဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွင်လည်း BGF တပ်များနှင့် စစ်ကောင်စီ တပ်ဘက်မှ နီးစပ်သည့် ကျေးရွာများနှင့် ဒေသခံပြည်သူများ၏ လယ်ယာ၊တောင်ယာလုပ်ငန်းခွင်များကို လက်နက်ကြီးစုစုပေါင်း ၉၆ လုံးပစ်ချခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း အများအပြားကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူဘက်က ပြော ဆိုထားသည်။

သို့သော် KNU တပ်မဟာ(၅) နယ်မြေအတွင်း တစ်လတာ တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် ထိခိုက် သေဆုံးမှုအချက်အလက်များကိုမူ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်၊ BGF နှင့် KNLA တပ်များ အကြား တိုက်ပွဲ ဖြစ်ပွား နေသည့်အပြင် စစ်ကောင်စီတပ်လက်အောက်ခံ အုပ်ချုပ်ရေးဆိုင်ရာရုံးများကိုလည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့်အတူ နယ်မြေအတွင်းရှိ ဒရုန်းအဖွဲ့များက ဗုံးကြဲတိုက်ခိုက်နေလျက်ရှိကြောင်းလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားလျက်ရှိသည်။

ထိုသို့ မူတြော်ခရိုင် တပ်မဟာ ၅ ဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် သယ်ယူပို့ဆောင်ရေး ကုန်းလမ်းနှင့်ရေးလမ်းများကိုလည်း စစ်ကောင်စီဘက်က ဖြတ်တောက်ထား၍ ဖာပွန်မြို့တွင် အခြေခံ စား သောက်ကုန်များ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အခြေခံစားသောက်ကုန်များကို စျေးကြီး ပေးဝယ်နေကြရ ကြောင်းလည်း ဒေခသံများက ပြောသည်။

အလားတူ အခြားသော ကေအဲန်ယူ တပ်မဟာနယ်မြေအသီးသီးတွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီဘက်က တပ်စခန်းများ အသိမ်းပိုက်ခံရမှုများရှိသလို မြေပြင်တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားလျက်ရှိကြောင်း သက်ဆိုင်ရာတပ်မဟာနယ်မြေအသီးသီးက လစဉ် သတင်းထုတ်ပြန်ချက်အရ သိရသည်။