စက်တင်ဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းလေးခုရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများအား စစ်ကောင်စီက အစားထိုးခန့်အပ်မှုလုပ်ဆောင်ခဲ့ခြင်းအပေါ် ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော်သူးလေဒေသများအတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ကြောင်း အစည်းအရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီဘက်မှ ထုတ်ပြန် လာသော အမိန့်စာတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်နေသော နယ်လုံဝန်ကြီး များအား အစားထိုးပြောင်းလဲခန့်အပ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယား (ကရင်နီ) ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည် နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီးသိန်း ထွန်း အောင်နှင့် မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်းစိုးတို့အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ဝန်ကြီးပြောင်းလဲလဲ၊ မလဲလဲ ကျနော် တို့ ကော်သူးလေဒေသထဲမှာ လတ်တလော သိရှိရတာကတော့ စစ်ရေးအခြေအနေကို သူတို့(စစ်ကောင်စီ)က ပြောင်းလဲချင် တဲ့သဘောရှိတယ်။ စစ်ရေးတိုးမြှင့်နေတဲ့ အနေအထားလည်း တွေ့ရတာပေါ့နော်။ နယ်လုံဝန်ကြီးပြောင်းလာလို့ ငြိမ်းချမ်းသွား တာကတော့ လုံးဝကိုမရှိဘူး၊ စစ်ရေးပိုပြီး တင်းမာလာနိုင်တဲ့အနေအထားရှိတယ်။” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏လက်ရှိအနေအထားအရ ယခုကဲ့သို့ဝန်ကြီး အပြောင်း အလဲများသည် လုပ်ထုံးလုပ်နည်းအရ သာမန်ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်နိုင်သလို လုပ်ဆောင်ချက်များ ပိုမိုအဆင်ပြေစေရန် အစားထိုးလဲလှယ်ခြင်းလည်း ဖြစ်နိုင် ကြောင်း ပဒိုစောကလယ်စေးက ဖြည့်စွက်သုံးသပ်သည်။

ထို့အတူ စစ်ကောင်စီ၏နယ်လုံဝန်ကြီးများ ပြောင်းလဲမှုသည် ကရင်နီပြည်နယ် တစ်ခု တည်းသာမက ဒေသအလိုက်လိုအပ်ချက်အရ အပြောင်းအလဲ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် စစ်ဆင်ရေးမဟာဗျူဟာအရ အပြောင်းအလဲလုပ်ဆောင်ခြင်းဟု ယူဆကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ၏အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်ကလည်း ယခုလိုပြောသည်။
“ကျနော်တို့ဒေသထဲမှာကတော့ စစ်ကောင်စီက စစ်ရေးပိုတင်းကြပ်တာတို့ အရှိန် အဟုန်မြှင့်တာတို့ အစွမ်းကုန်ဖြစ် နေပြီပဲလေ။ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ လေယာဉ်နဲ့ပစ်နေတာတွေ နောက်ပြီး စစ်ပွဲတွေမရှိဘဲနဲ့ ဒုက္ခသည်စခန်းတွေကို ပစ်ခတ်နေဝာာတွေ ရှိနေတာဆိုတော့ ဒီထက်လည်းပိုဆိုးလာနိုင်စရာမရှိတော့ဘူး” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။
အလားတူ စစ်ကောင်စီသည်အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ၎င်းအတွက်အရေးပါသော ကာကွယ်ရေးနှင့် ပြည်ထဲ ရေးဝန်ကြီးနေရာများကို အစားထိုးခန့်အပ်ခြင်းလုပ်ဆောင်ခဲ့သလို ယခုနှစ် ဝက်တာ ကာလအတွင်းကလည်း လက်အောက်ခံ ဗိုလ်မှူးကြီး နှင့်ဗိုလ်ကြီးအဆင့်ရှိသူများအား အရပ်ဘက်ဝန်ကြီးဌာနများတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။



















