Home သတင်း ရွှေကုက္ကိုလ်တွင် အွန်လိုင်းလူလိမ်လုပ်ငန်းတချို့ ရပ်နားပြီးနောက် အခန်းငှားနေသူများမရှိသလောက်နည်းပါးလာ

ရွှေကုက္ကိုလ်တွင် အွန်လိုင်းလူလိမ်လုပ်ငန်းတချို့ ရပ်နားပြီးနောက် အခန်းငှားနေသူများမရှိသလောက်နည်းပါးလာ

1400
Photo: CJ

သြဂုတ်လ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ဇွန်လ ၂၀ ရက်နေ့မှစ၍ အွန်လိုင်းလူလိမ်ခေါ်သည့် လုပ်ငန်းတစ်ချို့ ရပ်နားထားရပြီးသည့်နောက် ၎င်းဒေသတွင် အိမ်ခန်းငှားနေထိုင်သူများ နည်းပါးသွားကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်ခြင်းအပြင် WIFI အင်တာနက်လိုင်းပါ ဖြတ် တောက်လိုက်ခြင်းကြောင့် ကာစီနိုလောင်းကစားနှင့် အွန်လိုင်းလူလိမ်ခေါ်သည့်လုပ်ငန်းတချို့ ရပ်နားထားရကာ ၎င်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများလည်း နေရပ်ပြန်သွားကြသောကြောင့် အိမ်ခန်းငှား နေထိုင်သူများနည်းပါးသွားပြီး အခန်းစျေးနှုန်းများလည်း ကျဆင်းသွားသည်ဟု ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အခုကအရင်ကလို အခြေအနေမကောင်းတော့ဘူး။ အလုပ်ရှာရတာလည်း မလွယ်တော့ဘူး။ အွန်လိုင်းလုပ်ငန်း ၃ ခုနားလိုက်တော့ အလုပ်သမားတွေလည်းပြန်ကုန်ကြပြီး။ အခန်းတွေလည်း မငှားကြတော့ဘူး။ အရင်က ဘတ်၇ ထောင် အခန်းတွေဆိုရင် အခုနေမယ့်သူမရှိလို့ ဘတ် ၃ ထောင်နဲ့ငှားနေရပြီး။ ဒါတောင်နေမယ့်သူမရှိတော့ဘူး။ မီးသာမလာတာ လတိုင်း ရေခမီးခ တွေကပုံမှန်တက်နေတယ်” ဟု ထိုဒေသခံက ကေအိုင်စီ သို့ပြောသည်။

တရုတ်လူမျိုးများအပြင် အခြားနိုင်ငံခြားသားများ လုပ်ကိုင်နေသည့် ကာစီနိုလောင်းကစားရုံလုပ်ငန်းတစ်ခုနှင့် အွန်လိုင်းလူလိမ်ခေါ်လုပ်ငန်းနှစ်ခုတို့ ရပ်နားထားရပြီး ၎င်းလုပ်ငန်းမှ အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ်သွား ခဲ့သေးသည်။

ထို့အပြင် နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်သည့် ရွှေကုက္ကိုလ်ဒေသတွင် အွန်လိုင်းလူခေါ်ခြင်း၊ နိုင်ငံအသီးသီးရှိ လူများထံမှ ငွေကြေးလိမ်ယူခြင်းများကို အခြားသောနိုင်ငံများက သိရှိသွားခြင်းကြောင့် ငွေလိမ်၍မရတော့ဘဲ မြန်မာနိုင်ငံကိုပစ်မှတ်ထား၍ ပြောင်းလဲလိမ်ယူရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ အွန်လိုင်းလူခေါ်သည့်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “တရုတ်တွေတော်တော်များများ ပြန်ကုန်ကြပြီး။ တခြားလူမျိုးတွေကို ပြောင်းလိမ်မယ်လို့ပြောတယ်။ လိမ်တာက တရုတ်နိုင်ငံကရော၊ တခြားနိုင်ငံရော တော်တော်များများသိသွားကြတော့ လိမ်လို့မရတော့ဘူး။ အခု မြန်မာ ပြည်လူတွေကို ပြောင်းပြီးလိမ်မယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ရွှေကုက္ကိုလ်ဒေသတွင် နေအိမ်အခန်းငှားမည့်သူများ နည်းပါးလာသော်လည်း စားသောက်ဆိုင် ၊ KTV၊ ဘား(Bar) များကိုမူ BGF တပ်များနှင့် တရုတ်နိုင်ငံသားများက ပူးပေါင်း၍ ဖွင့်လှစ်တိုးချဲ့လာသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ရွှေကုက္ကိုလ်မြို့ရှိ တရုတ်ဆိုက် အွန်လိုင်းလူလိမ်၊ ငွေကြေးလိမ်လည်ခြင်းနှင့် ကာစီနိုလောင်းကစားရုံတွင် ပြည်ပ နိုင်ငံများမှ လာရောက်လုပ်ကိုင်သူများရှိသလို ပြည်တွင်းရှိ လောင်းကိုင်၊ မူဆယ်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ဖားအံ စသည့်နေရာအသီးသီးမှ လူငယ်များနှင့် အမျိုးသမီးအများစုက လာရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။