Home သတင်း မြဝတီ−ကော့ကရိတ်လမ်းမကြီးပေါ်တွင် စစ်ဆေးမှုပြုလုပ်နေကြောင်း ကျားဖြူတပ်ခွဲ ၄ ထုတ်ပြန်

မြဝတီ−ကော့ကရိတ်လမ်းမကြီးပေါ်တွင် စစ်ဆေးမှုပြုလုပ်နေကြောင်း ကျားဖြူတပ်ခွဲ ၄ ထုတ်ပြန်

846
Photo: Crd.

သြဂုတ်လ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်လမ်းမကြီးပေါ်တွင် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ လမ်းသွား လမ်းလာ ပြည်သူများ၏ ယာဉ်များကို နံနက် ၆ နာရီမှစ၍ ည ၁၁ နာရီအထိ စစ်ဆေးမှုပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကျားဖြူ တပ်ခွဲ−၄ က ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။

ကျားဖြူတပ်ခွဲ ၄ က မြဝတီ−ကော့ကရိတ်လမ်းမကြီးလမ်းပိုင်းတွင်သာမက အခြားသောလမ်းပိုင်းတွင်လည်း နယ်မြေလုံခြုံရေးအရ စစ်ကောင်စီတပ်ဘက်မှ အရပ်သားပြည်သူကားများကို အသုံံးပြု၍ ရိက္ခာ လက်နက် ခဲယမ်းသယ်ဆောင်ခြင်း၊ အသွား အလာပြုလုပ်နေသည့် ယာဉ်များမှ စစ်ကောင်စီလက်အောက်ခံ သတင်းပေး လူများ ပါလာခြင်းမရှိစေရန်အတွက် ယခုလို လုံခြုံရေးချကာ စစ်ဆေးမှုပြုလုပ်နေခြင်း ဖြစ်သည်ဟု ကျားဖြူ တပ်ခွဲ−၄ ၏ တိုက်ခိုက်ရေးနှင့် သတင်းပြန်ကြားရေး ရဲဘော် AKM က ယခုလိုပြောသည်။

၄င်းက “စစ်ဆေးမှုကတော့ ကြာပါပြီး။ အခုလို စစ်ဆေးတာမျိုးက ယခင်ကလည်း တစ်ခြားလမ်းပိုင်းတွေမှာ ရှိခဲ့ပါတယ်။ နယ်မြေလုံခြုံရေးအရ ပြန်လည်နေရာချပြီး စစ်ဆေးတာဖြစ်တယ်။ အခုကော့ကရိတ် မြို့ပြင် မှာတော့ မနက် ၆ ကနေ ည ၁၁ အထိ စစ်ဆေးပါတယ်။ PDF နဲ့ပူးပေါင်းအဖွဲ့ တွေအနေနဲ့ နယ်မြေစိုးမိုး မှုများ လာတာနဲ့အမျှ နေရာဒေသအလိုက်စစ်ဆေးမှုတွေ ရှိပါတယ်။ စကစရဲ့ ဒလန်၊ သူလျှိုတွေ မိတာမျိုးလည်း ရှိပါတယ်။ စကစနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့နောက် မြဝတီ-ကော့ကရိတ်လမ်း‌တွင် သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့်လည်း တော်လှန်ရေး ပူးပေါင်းတပ်များ စစ်ဆေးချိန်အတွင်း ကြည်ဖြူစွာလက်ခံပေးရန်၊ စစ်ကောင်စီတပ်နှင့်ပတ်သက်သည့် လူ၊ ပစ္စည်းများကိုလည်း တင်ဆောင်ခြင်းမပြုလုပ်ကြရန်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသုံးပြုသည့်ယာဉ်အနေဖြင့်လည်း စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန်လည်း ကျားဖြူတပ်ခွဲ−၄ ၏ ထုတ်ပြန်ချက်တွင် အသိပေးတိုက်တွန်းထားသည်။

Photo: Crd.

ထို့အပြင် မြဝတီ−ကော့ကရိတ်လမ်းပိုင်းတစ်နေရာတွင် စစ်ဆေးမှုပြုလုပ်နေသည့် ကျားဖြူတပ်ခွဲ−၄ နှင့် ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုပိုမိုပြုလုပ်နေပြီး တော်လှန်ရေးကိုပစ်ပယ်မထားပဲ မိမိနိုင်သည့်ဘက်က ပူးပေါင်းပါဝင်သွားကြရန်လည်း ကျားဖြူတပ်ခွဲ−၄ ၏ တိုက်ခိုက်ရေးနှင့် သတင်းပြန်ကြားရေး ရဲဘော် AKM ကကေအိုင်စီသို့ ယခုလို ဖြည့်စွက်ပြောသည်။

“မိဘပြည်သူတွေအားလုံး အားတင်းထားပါ။အရေးတော်ပုံ အောင်ဖို့မကြာတော့ပါဘူး။ ကျနော်တို့ PDF ရဲဘော်တွေနဲ့ တော်လှန်ရေးကို ပစ်ပယ်မထားဖို့ တက်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ကျနော်တို့မှာ ပြည်သူပဲ အားကိုးပူဆာရတာမို့ စစ်မြေပြင်မှာ အမှန်တကယ်အလုပ်လုပ်နေတဲ့ မပြည့်သေးတဲ့ တပ်ခွဲတွေကိုလည်း ကူညီ ထောက်ပံ့ပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဆိုသည်။

ထိုသို့ ကရင်ပြည်နယ် မြဝတီ−ကော့ကရိတ်လမ်းပိုင်းနေရာတွင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ရေး၊ ထားဝယ်၊သံဖြူဇရပ် သွား အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA အထူးစစ်ဆင်ရေးတပ်ဖွဲ့ −SOF၊စသည့်ပူးပေါင်းတပ်ဖွဲ့များကလည်း လုံခြုံရေးယူ၍ စစ်ဆေးမှုပြုလုပ်နေလျက်ရှိကြောင်းလည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ထုတ်ပြန် ထားလျက်ရှိသည်။