Home သတင်း မဲဆောက်မြို့ရှိ ဆာသူးလေအထက်တန်းကျောင်းတွင် ကရင်ရိုးရာဓလေ့လက်ချည်ပွဲအစဉ်အလာမပျက်ကျင်းပ

မဲဆောက်မြို့ရှိ ဆာသူးလေအထက်တန်းကျောင်းတွင် ကရင်ရိုးရာဓလေ့လက်ချည်ပွဲအစဉ်အလာမပျက်ကျင်းပ

349

သြဂုတ်လ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဟိုဖိုင်ရပ်ကွက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့်် ဆာသူးလေ အထက်တန်းကျောင်းတွင် ယနေ့သြဂုတ်လ ၁၉ ရက်နေ့၌ ကရင်ရိုးရာလက်ချည်ပွဲကို ကျင်းပပြု လုပ်ခဲ့ကြသည်။

ကရင်ရိုးရာလက်ချည်ပွဲဓလေ့ကို မပပျောက်သွားအောင် ပြန်လည်ထိန်းသိမ်းဖို့နှင့် ကရင်လူငယ်များတွင်လည်း ရိုးရာဓလေ့ကို သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆာသူးလေ အထက်တန်းကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်ဖြစ်ကြောင်း ကျောင်းဆရာ စောဖိုးစေးစေးက ယခုလိုပြောသည်။

၄င်းက “ကရင်လူငယ်တွေရဲ့ရိုးရာဓလေ့ထုံးစံကို ပြန်ပြီးသိရှိဖို့နဲ့ ခေတ်အဆက်ဆက်မှာ ဒီရိုးရာဓလေ့ တွေကို ထိန်းသိမ်း သယ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လက်ချည်ပွဲကို နှစ်တိုင်းလုပ် ပေးရတာ ဖြစ်တယ်။ လက်ချည် ပွဲက ကရင်လူမျိုးတွေအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်။ ဒီပွဲက ပိုးကရင်တွေရော စကောကရင်တွေ ရောကို နေရာတစ်ခုထဲမှာ စုစုစည်းစည်းနဲ့ ပြန်စုပေးတဲ့ပွဲလည်းဖြစ်တယ်။ မတူတဲ့အရာတွေကို ပြန်လည် ပေါင်း စည်းပေးတာဖြစ်တယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ယနေ့ပြုလုပ်သည့် ကရင်ရိုးရာလက်ချည်ပွဲတွင် ဖိုးဘွား သက်ကြီးရွယ်အိုများမှ ကရင် မောင်မယ်များကို ရိုးရာလက်ချည်ပေးသလို တက်ရောက်လာသူများကလည်း အချင်းချင်း လက်ချည်ပေးခြင်းအပြင် ကရင်ရိုးရာ ဒုံးအကအလှ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ အစားအသောက်များလည်း ကျွေးမွေးခဲ့ကြပြီး ကျောင်းသူ ကျောင်းသားအပြင် လူထုပရိတ်သတ် စုစုပေါင်း ၇၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။

ထို့အပြင် ကရင်ရိုးရာဓလေ့လက်ချည်ပွဲနှင့်ပတ်သက်ပြီး လူငယ်များကိုပိုမို သိရှိနားလည်စေလို၍ တက်ရောက်စေချင်ပြီး ရိုးရာဓလေ့၏ ရည်ရွယ်ချက်များကိုလည်း အခြားသောလူမျိုးများကို ပြန်လည် မျှဝေပေးရန်အရေးကြီးကြောင်း ကျောင်းသား စောသာအယ်စူးက ပြောသည်။

“ဒီလားခုတ်ခိုင့်စူက ကရင်လူငယ်တွေအတွက် ပိုပြီးတော့အရေးကြီးတယ်။ပြောရမယ်ဆိုရင် ကျနော်တို့ လူငယ်တွေမှ ဒီပွဲကိုမတက်ဘူးဆိုရင် ဘယ်သူတွေလာမှာလဲ။ လူငယ်တွေတက်မှ ဒီကလူကြီး တွေပြောတဲ့ စကားကိုသိရမယ်။ ပြန်ပြီးတော့ တစ်ခြားလူငယ်တွေအကုန်လုံးကို ပြောပြလို့ရတာပေါ့။ တကယ်လို့ မလာဘူး ဆိုရင် ကျနော်တို့ရိုးရာဓလေ့ကို မေ့နေတဲ့ လူတစ်ယောက်နဲ့တူတယ်ပေါ့နော်”ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ကရင်ရိုးရာလက်ချည်ပွဲသည် ဆာသူးလေအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပသည်သာမက မဲဆောက်မြို့နယ်အတွင်းရှိ အခြားသော မြန်မာရွှေ့ပြောင်းစာသင်ကျောင်း နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း နေ့စဉ် နှစ်တိုင်း ကျင်းပပြုလုပ်ကြလျက်ရှိသည်။