ဩဂုတ်လ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သံလွင်မြစ်ရေး ဆက်တိုက်မြင့်တက်နေ၍ ကုန်းမြင့်ပိုင်းသို့ သွားရောက်ပြောင်းရွှေ့ ရပ်ထားသောကားများ ယခုရက်ပိုင်းအတွင်း အခိုးခံရ၍ ပျောက်ဆုံးမှု များ ဖြစ်ပေါ်နေကြောင်း ကားအခိုးခံရသည့် ဒေသခံများက ပြောသည်။
ဖားအံမြို့ပေါ်တွင် ပြီးခဲ့သည့်ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ သံလွင်မြစ်ရေ တိုးလာ သောကြောင့် မြို့တွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်နေရာများတွင် နေအိမ်နစ်မြှုပ်မှုများ ဖြစ်ပေါ်နေ၍ ကုန်းမြင့်ပိုင်းတွင် သွားရောက်ပြောင်းရွှေ့ ရပ်ထားသော ကားများ ညအချိန်တွင် အခိုးခံနေရကြောင်း ကားပျောက်ဆုံးသူ ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြောသည်။
“ပထမတစ်ခါပျောက်တာက လိုင်စင်ကားပျောက်တာ။ အခုတစ်ခါကကျတော့ လိုင်စင်မပါတဲ့ ကား ပျောက်သွားတာ။ ခိုးတဲ့သူတွေက လိုင်စင်ရှိရှိ မရှိရှိ ခိုးတာပဲ။ သူများတွေ ပျောက်တာတွေလည်း ကြားရတယ်။ ညဘက်အချိန်တွေက မိုးရွာတော့ ဘာမှ မသိရဘူးလေ။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
ထိုသို့ ကားပျောက်ဆုံးသွားသည့်အတွက် သက်ဆိုင်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို သွားရောက် တိုင်ကြားရာတွင်လည်း အရေးယူဆောင်ရွက်ပေးခြင်းမျိုးမရှိသေးကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။
၎င်းအပြင် ဖားအံမြို့တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များ နှင့် ပြည်ထောင်စုရပ်ကွက်များသို့ချိတ်ဆက်ထားသည့် ဆေးရုံ အနောက်လမ်း၊ ဇီးတောရပ်ကွက်အတွင်းရှိ လမ်းများ နှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ရေနစ်မြှုပ် လျက်ရှိနေပြီး စစ်ကောင်စီမှ သီရိလမ်းမကြီးကို ပိတ်ထားခြင်းကြောင့် ဒေသခံများ အနေဖြင့် သွားလာရေး ခက်ခဲနေကြကြောင်း ဒေသခံများက ပြောသည်။
နောက်ထပ် ဖားအံမြို့ခံ တစ်ဦးကလည်း “အခုဆိုရင် လမ်းတော်တော်များများက မြှုပ်နေတော့ ပြည်ထောင်စု လမ်းကိုပဲ အသုံးပြုစရာကျန်တော့တယ်။ ဒါပေမဲ့ အဲ့လမ်းက ပိတ်ထားတော့ ရေနစ်တဲ့လမ်းကဘဲသွားရတော့ အဆင်မပြေဘူးလေး။ ဖြစ်နိုင်ရင်တော့ ပြန်ဖွင့်စေချင်တာပေါ့။ ပိတ်ထားတာလည်း ကြာပြီးလေ အဲ့ဒီလမ်းက။” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း စီးပွားရေးနှင့် စျေးကွက်စနစ် များ ပျက်စီးသွားပြီး ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း နည်းပါးသွားပြီး အလုပ်အကိုင်ရှားပါးမှုများကြောင့် လက်လုပ်လက်စားအခြေခံလူ တန်းစားအများစုမှာ စီးပွား ရေးကြပ်တည်းလာသလို ဒေသတွင်းလောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုပိုမိုများ ပြားလာသည့်အတွက် ယခုလို ခိုးယူမှုများ ဖြစ်ပေါ်ရခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။
အလားတူ ဖားအံမြို့တွင် သံလွင်မြစ်ရေတိုးလာ၍ မြေနိမ့်ပိုင်းရှိ နေအိမ်များ နစ်မြှုပ်မှုဖြစ်ပွားသကဲ့သို့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်တွင်လည်း သောင်ရင်းမြစ်နှင့်နီးစပ်သည့်နေရာနှင့် မြေနိမ့်ပိုင်းဘက်တွင် မြစ်ရေ တိုးလာလျက်ရှိကြောင်း မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။



















