Home သတင်း ကော့ကရိတ်-မြဝတီအာရှလမ်းပျက်စီး၍ လမ်းဟောင်းဘက် သွားသည့် ကားများကို ငွေကြေးကောက်ခံမှု များပြားနေ

ကော့ကရိတ်-မြဝတီအာရှလမ်းပျက်စီး၍ လမ်းဟောင်းဘက် သွားသည့် ကားများကို ငွေကြေးကောက်ခံမှု များပြားနေ

977
Photo: CJ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မိုးများအဆက်မပြတ်ရွာသွန်း၍ ကော့ကရိတ်-မြဝတီ အာရှ ကုန်သွယ်ရေး လမ်းမြေပြို ပျက်စီး‌၍ ယခင်လမ်း ဟောင်းကို ပြောင်းလဲအသုံးပြုသွားလာသည့်ကုန်ကားများသည် စစ်ကောင်စီတပ်၏ အဆမတန် ငွေကြေးကောက်ခံမှုများနှင့် စစ်ဆေးမေးမြန်းခံရမှုများကို ကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ခရီးသည် တင်းကားသမားများက ပြောသည်။

မြဝတီ-ကောကရိတ် အာရှလမ်း၏ တောနော်ရေတံခွန်အနီးရှိ လမ်းပိုင်းတစ်နေရာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုပြင်းထန်၍ ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်နေ့က ရေတိုက်စားကာ လမ်းပိုင်းတစ်ခုလုံးမြေပြို ပျက်စီးသွားခဲ့ခြင်း ဖြစ်ပြီး သွားလာရေးရပ်တန့်သွားသောကြောင့် ကုန်ကားနှင့် ခရီးသည်တင် ယာဉ်များအနေဖြင့် ယခင်လမ်းဟောင်းကို ပြန်လည်အသုံးပြုသွားလာရာတွင် ယခုလို စစ်ကောင်စီ၏ ငွေကြေးအဆမတန် တောင်းရမ်းမှုများကို ကြုံနေရခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူ ယာဉ်မောင်းသမားတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီတပ်တွေက တော်တော်ရစ်တယ်။ ပိုက်ဆံလည်း တော်တော် တောင်းတယ်။‌ ပစ္စည်းများ ရင်များသလိုတောင်းတယ်။ ကျနော်ကားသေးတောင် ၆ သောင်းလောက်ကုန်တယ်။ တောင်ပေါ်မှာတော့ ကရင်စစ်သားတွေ၊ PDFတွေ လည်းရှိတယ်။ သူတို့တွေကတော့ပိုက်ဆံမတောင်းဘူး။ ကားတွေ နည်းနည်းပါးပါး ပဲ စစ်‌ဆေးတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းပျက်သဖြင့် လမ်းဟောင်းကို ပြောင်းလဲ အသုံးပြုသွားလာနေသည့် ပြည်သူများအနေဖြင့် လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုသာ စိုးရိမ်ရမှာဖြစ်ကြောင်း KNLA ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ယခုလို ပြောသည်။

“သွားလာတဲ့ပြည်သူတွေအခုကစိုးရိမ်စရာမရှိဘူး။ တစ်ခုပဲစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်း ပစ်တာပဲရှိ တယ်။ လမ်းမပေါ်မှာ တာဝန်ကျတဲ့ကျနော်တို့စစ်သားတွေတော့ သွားလာတဲ့ကားတွေ ကြည့်ရှုစစ် ဆေးတာ တော့ အနည်းငယ်ရှိမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အာရှကုန်သွယ်ရေးလမ်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်နေ့တွင် မြေပြိုပျက်စီး သွားသဖြင့် ယခင်ကသွားလာအသုံးပြုသည့် လမ်းဟောင်းနှင့် ထို့ကော်ကိုးလမ်းများကို ပြည်သူများ ပြောင်းလဲအသုံးပြု သွားလာကြသော်လည်း ရေကြီး ရေလျှံမှုကြောင့် လမ်းတံတားများပျက်စီးမှုရှိကာ သွားလာရေးအခက်အခဲရှိသည့်အပြင် ငွေကြေး ကောက်ခံသည့် ဂိတ်များစွာရှိကြောင်းသွားလာသူများက ပြောသည်။

၎င်းအပြင် ၎င်းမြေပြိုပျက်စီးသွားသည့်အာရှလမ်းကို စစ်ကောင်စီတပ်မှ လာရောက်ကြည့် ရှုချိန်တွင် KNLA ဦးဆောင်သည့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်ကောင်းစီတပ်မှ အင်အားသုံး စစ်ကြောင်း ထိုးကာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံ အားလုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုပျက်စီးသွားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ယာယီဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်သွားမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့ အလင်းသတင်းစာက ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ထားသေးသည်။