Home သတင်း နဘူး၊ လှိုင်းဘွဲ၊ ပိုင်ကျုံဘက်တွင် ဆိုင်ကယ်အပိုပစ္စည်းများ အဆမတန်ဈေးတက်

နဘူး၊ လှိုင်းဘွဲ၊ ပိုင်ကျုံဘက်တွင် ဆိုင်ကယ်အပိုပစ္စည်းများ အဆမတန်ဈေးတက်

819

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပြိုကျပျက်စီးမှုကြောင့် နဘူး၊ လှိုင်းဘွဲ၊ ပိုင်ကျုံစသော မြို့နယ် များမှ တစ်ပိုင်တစ်နိုင်ဆိုင်ကယ်ပစ္စည်းပြင်ဆိုင်ဖွင့် လှစ်ထားသူများ ဆိုင်ကယ်ပစ္စည်းဝယ်ယူရန်ခက်ခဲနေပြီး ဆိုင်ကယ်အပိုပစ္စည်များလည်း ဈေးအဆမတန်မြင့်တက်လာနေသည်ဟု သိရသည်။

ဩဂုတ်လ ၇ ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် လမ်းပိုင်း၊ တောနောရေတံခွန်အနီး မြေပြိုပျက်စီးသွားသောကြောင့် ကားများလမ်းဟောင်းကို ပြန်လည်အသုံးပြုနေရပြီး ကုန်ပစ္စည်းစီးဆင်းမှု အားနည်းသွားသောကြောင့် ဆိုင်ကယ်အပိုပစ္စည်းဈေးတက်လာသည့်အကြောင်းကို နဘူးမြို့နယ်ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

၎င်းက“ဆိုင်ကယ် (sprocket) စပရောကပ် တစ်ခုကို နှစ်သောင်းကျော်၊ သုံးသောင်း ကျော်နေပြီး တာယာတစ်ခုကို သုံးသောင်းနားကပ်နေတယ်။ တချို့ ပစ္စည်းတွေဆိုဆိုင်မှာ တင်တောင်မတင်နိုင်ဘူး။ အခုလို ဈေးတက်တာက လမ်းပျက်စီးတာလည်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်၊

လမ်းပျက်စီးမှုမဖြစ်ခင်ကာလက ဆိုင်ကယ်ပြင်ဆိုင်တိုင်းတွင် ဆိုင်ကယ်အပိုပစ္စည်းများကို အများ အပြား တင်ထားသော်လည်း လမ်းပျက်စီးသွားသည့်နောက်ပိုင်းတွင် ဆိုင်ကယ်အပိုပစ္စည်းများ ဝယ်ယူရာတွင် ရှားပါးလာပြီး ဈေးလည်းအဆမတန် မြင့်တက်လာနေခြင်းဖြစ်သည်။

“ဆိုင်ကယ်ပျက်ကြတာများတယ်။ မိုးတွင်းကာလမှာ ရေရယ်၊ သဲရယ်၊ ရွှံ့ရယ် အရမ်းများတော့ ဆိုင် ကယ်အရမ်းထိတယ်။ ဆိုင်မှာလည်း ဆိုင်ကယ်တွေများနေတာပဲ ပစ္စည်းမရှိတော့ ပြင်လို့ မရဘူး။ ပစ္စည်း ရှိပြန်တော့ ဈေးအရမ်းကြီးတော့ ပြင်ဖို့ကို ဆိုင်ကယ်သခင်နဲ့သေချာပြန်ပြောရတယ်” ဟု ပိုင်ကျုံမြို့ နယ်ရှိ ဆိုင်ကယ်ပြင်သူ ဦးကုလားက ပြောသည်။

ယခုလို မိုးတွင်းကာလတွင် ဆိုင်ကယ်များ၏ ဘရိတ်၊ (SPARK PLUG)ပလပ်ချိန်း၊ (sprocket ) စပရောကပ် ပျက်စီးမှုအများဆုံး ဖြစ်နေပြီး ဆိုင်ကယ်ပြင်ဆိုင်များတွင် ၎င်းပစ္စည်းများနည်းပါးလာနေသောကြောင့် ဆိုင်ကယ်ကို တစ်ရက်တည်း ပြုပြင်၍မရသည့်အတွက် အလုပ်လုပ်ရန်နှောင့်နှေးမှုများဖြစ်ပေါ်နေသည်ဟု ဆိုင်ကယ်ဖြင့် ပန်းရောင်းသူတစ်ဦးက ပြောသည်။

အလားတူ မြဝတီ-ဖားအံ အာရှကုန်သွယ်ရေးလမ်းမဘေးတွင် ဖွင့်လှစ်ထားသည့် မြန်မာ ထမင်းဟင်းဆိုင်အချို့မှာ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်မှုနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် ထမင်းဟင်းရောင်းအား ကျဆင်းပြီး အရှုံးများနှင့် ရင်ဆိုင်နေရသဖြင့် ဆိုင်ပိတ်လိုက်ရသည့် အခြေအနေ ရှိလာသည်ဟု ထမင်းဆိုင်ပိုင်ရှင်ထံမှ သိရသည်။