Home သတင်း ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသားမဟုတ်သည့် လွတ်ရက်စေ့ခါနီးသူများသာ လွတ်မြောက်လာ

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသားမဟုတ်သည့် လွတ်ရက်စေ့ခါနီးသူများသာ လွတ်မြောက်လာ

962
Photo: Crd.

ဩဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ထားဝယ်အကျဉ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဩဂုတ်လ ၁ရက်နေ့က ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား ၃၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား မဟုတ်သည့် လွတ်ရက်စေ့ခါနီးသူများကိုသာ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေး အကျဉ်းသားမိသားစုဝင်ထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီမှ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းသား/အကျဥ်းသူ (၇,၇၄၉) ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ကြေညာပြီးနောက်ပိုင်း ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ၃၀ ကျော် အနက် နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှမပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းက “အခုလွတ်လာတာက ၆ လလောက်ကျန်တဲ့သူတွေ။ ခိုးမှု၊ လုယက်မှု၊ နိုင်ငံရေးမှုမပါဘူး။ ကျမ ယောက်ျားဆို နိုင်ငံရေးနဲ့ ၃နှစ်ကျတယ်။ အခုဆိုတစ်နှစ်နီးပါးကျန်သေးတယ်။ ဦးလေးကျတော့ ၁၀နှစ် အထက်တွေ။ လျှော့ရက်လည်းမရဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ (၇,၇၄၉) ဦးအနက် နိုင်ငံရေး အကျဉ်းသားမည်မျှပါဝင်နေကြောင်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စာရင်းပြုစုနေဆဲဖြစ်ပြီး လက်ရှိရရှိထားသည့်စာရင်းများအရ ၁၂၀ ကျော် ပါဝင်နေကြောင်း AAPP ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စာရင်းအတိအကျက အခုထိလုပ်နေတုန်းမို့လို့ပါ။ အဆက်မပြတ်ဝင်နေတော့ ပြောဖို့ခက်သေးတယ်။ ဒီမနက်အထိတော့ နိုင်/ကျဉ်း ၁၂၀ ကျော်အထိပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ တောင်ကလေးအကျဉ်းထောင်တွင်လည်း အကျဉ်းသား/အကျဉ်းသူ (၂၅၈)ဦး လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာပြီး ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးခန့်သာ ပါဝင်နေကြောင်း သိရှိရသည်။