Home သတင်း ဆေးရုံ၌ ကင်းချထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့ပစ်ခတ်သဖြင့် ၄ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဆေးရုံ၌ ကင်းချထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့ပစ်ခတ်သဖြင့် ၄ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

1115
Photo: Crd.

ဩဂုတ်လ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် လာရောက်တပ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ ဩဂုတ်လ ၂၄ရက်နေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိ‌ ကြောင်း တော်လှန်းရေးတပ်ဖွဲ့များဘက်က ပြောသည်။

မွန်ပြည်နယ်၊မှ ကရင်ပြည်နယ် ဖားအံဘက်သို့ စစ်ကြောင်းသွားရန် တက်လာသော စစ်ကောင်စီ တပ်များလမ်းလုံခြုံရေး အတွက် ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် ကား ၂ စီးဖြင့် လမ်းကင်းချထားနေစဉ် သွားရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြာင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“စစ်ကြောင်းကား ၆ စီးတက်လာတယ်။ အမှန်က အဲ့ကားတွေသွားလုပ်ဖို့၊ ဒေါက်ရပ်တိုက်နယ်ဆေးရုံက လမ်းကင်းလာစောင့်တဲ့ စစ်‌ကောင်စီကားနှစ်စီးကို အရင် သွားလုပ်လိုက်တယ်။ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၈ဦးဒဏ်ရတယ်”ဟု ၎င်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အဆိုပါ‌ ဒေါက်ရပ်တိုက်နယ်ဆေးရုံကို စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပြည်သူများအသုံးပြုမှုမရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့များ လမ်းကြောင်းရှိလျှင် အမြဲလိုလိုလာရောက်ကင်းချထားသဖြင့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက “ဒေါက်ရပ်တိုက်နယ်ဆေးရုံက အာဏာသိမ်းပြီးနောက်မှာ ကျန်း မာရေးဝန်ထမ်းတွေ သိပ်မလာတော့ဘူး။ ပြည်သူတွေလည်း အသုံးမပြုတော့ဘူး။ စစ်ကောင်စီတွေက တက်လာ ပြီးဆိုရင်လည်း ဆေးရုံဝင်းထဲမှာပဲ အမြဲတမ်းနေရာချတယ်။ ပစ်ခတ်မှုက မကြာခဏဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ဒေသတွင် စစ်ကြောင်းထိုးလာသည့် ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက် ပွဲများဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က ‌ပြည်သူလူထုများကို ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်သည့်အတွက် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့တွင်လည်း ဘီးလင်းတိုးဂိတ်ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း မြို့ခံပြည်သူများက ပြောသည်။