Home သတင်း စစ်တပ်က ဆန်သယ်ခွင့်အပြီးပိတ်လိုက်သဖြင့် အရှေ့တောနယ်ရှိ ကျေးရွာတချို့ဆန်ပြတ်လပ်

စစ်တပ်က ဆန်သယ်ခွင့်အပြီးပိတ်လိုက်သဖြင့် အရှေ့တောနယ်ရှိ ကျေးရွာတချို့ဆန်ပြတ်လပ်

996
Photo: Crd.

ဩဂုတ်လ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီမှ ဒေသခံများအား ဆန် သယ်ဆောင်ခွင့်ကို အပြီးပိတ်ပင်လိုက်သောကြောင့် ကျေးရွာတချို့ ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ကျေးရွာနေ ဒေသခံများထံမှ သိရသည်။

အရှေ့တောနယ်ဒေသအတွင်းတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် (၅) ခုထက်မနည်းရှိနေပြီး ၎င်းဂိတ်များမှ ဒေသခံများအား ဆန်သယ်ဆောင်ခွင့်ကို ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ အပြီး သတ် ပိတ်ပင်လိုက်ခြင်းကြောင့် အရှေ့တောနယ်ဒေသရှိ ကျေးရွာတချို့တွင် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း‌ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အရင်ကတော့နားလည်မှုနဲ့ သယ်ရတယ်ဆိုပေမဲ့ နည်းနည်းချင်းစီပဲ သယ်လို့ရတယ်။ အခုက အပြီးကို ပိတ်လိုက်တာဆိုတော့ အိမ်ထဲမှာလည်း ဆန်မရှိတော့ဘူး။ တချို့ရွာက သူကြီးတွေကျတော့ သူတို့ရွာအတွက် သယ်ပေးကြတာတွေရှိပေမဲ့ ဆန်က မလောက်ဘူးလေ။ စစ်တပ်ကလည်း PDFတွေ ရှိတဲ့နေရာတွေကို အတင်းဖိအားပေးပြီး တောနင်းရှာနေတာဆိုတော့ ဆန်ယူရတဲ့လမ်းကြောင်းက ဘယ်လိုမှ အဆင်မပြေတော့ဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ဆန်သယ်ဆောင်ခွင့်ကို ယခင်က ကားသမားများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးပေး၍ သယ်ဆောင်ခွင့်ရကြသော်လည်း အရှေ့တောနယ်ဒေသရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ယခုလဩဂုတ်လ ၂၀ရက်နေ့မှ စတင်ကာ ထိတွေ့ တိုက် ပွဲများ အဆက်မပြတ် ဖြစ်ပေါ်နေသောကြောင့် စစ်ကောင်စီမှ ရိက္ခာဖြတ်တောက်နိုင်ရန်အတွက် ဆန်သယ်ဆောင်ခွင့်ကို အပြီးသတ် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကျေးရွာနေ ဒေသခံများကဆိုသည်။

“အရင်ကဆို ကားသမားတွေက ဂိတ်ကြေးတွေပေးပြီးဆန်သယ်ရပေမဲ့ ဒီလထဲတိုက်ပွဲတွေဖြစ်တော့ စကစက လုံးဝပေးမသယ်တော့တာ။ အရင်ကဆို အနွေးထည်လည်း ပေးမသယ်ဘူး။ ရိက္ခာခြောက် အစုံပဲ သူတို့လိုက်ပိတ်တာ။ အခုလည်း တိုက်ပွဲတွေဖြစ်နေတော့ အရှေ့တောနယ်က ဒေသခံ တော်တော် များများ စစ်ရှောင်နေရတယ်။”ဟု ခမောင်းသွယ်ရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင် ကုန်ဈေးနှုန်းများလည်း တဆပြီးတဆမြင့်တက်လျက်ရှိနေသလို ဆန်သယ် ဆောင်ခွင့်ကို အပြီးသတ်ပိတ်လိုက်သောကြောင့် ဆန်ကို မှောင်ခိုသယ်ဆောင်နေရပြီး လက်ရှိ ပေါက်ဈေးထက် ကျေးရွာများအရောက်တွင် ဆန်ကိုဈေးကြီးပေး၍ ဝယ်စားနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံနောက်တစ်ဦးက ယခုလိုပြောဆိုသည်။

“ဆန်ကြမ်းက လက်ရှိမြို့ပေါ်ပေါက်ဈေးက တစ်သိန်းကျော်ရှိနေပြီး။ ပြီးခဲ့တဲ့လက မှောင်ခိုဈေး ဆန်ကြမ်း ၁၈ ပြည်တစ်အိတ်ကို (၇၅,၀၀၀)ထိ ပေးဝယ်စားနေရတယ်။ မှောင်ခိုက PDFနဲ့ KNUက သယ်ပေးတယ်။ စကစတွေ တောနင်းနေတယ်ဆိုတော့ ဆန်ရဖို့မသေချာတော့ဘူး။”ဟု ကေအိုင်စီ သို့ပြောသည်။

ဩဂုတ်လ၂၀ ရက်နေ့မှစတင်ပြီး အရှေ့တောဒေသအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းနဲ့ ဘဝ ပင်ရွာက ဒေသခံများအနေဖြင့် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။ ယခုလ ၂၃ရက်နေ့မှ စတင်ကာ စစ်ရှောင်နေကြသော တချို့ဒေသခံများမှာ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက် နေထိုင်နေကြကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များ အရသိရသည်။