Home သတင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဖရူဆိုနှင့် ဒီမော့ဆို လမ်းများပိတ်ထား

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဖရူဆိုနှင့် ဒီမော့ဆို လမ်းများပိတ်ထား

764
Photo: Kantarawaddy Times

ဩဂုတ်လ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ အင်အားသုံး စစ်ကြောင်းထိုး၍ စစ်‌ရေးလှုပ်ရှားမှုများပြုလုပ်နေသဖြင့် ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်က လမ်းများပိတ်ထားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ လူထုလုံခြုံရေးအတွက် သွားလာမှုများကို တားမြစ်ထားပြီး ထိုသို့လမ်းများပိတ်ထားခြင်းဖြစ်သည်ဟု ဖရူဆိုမြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“သူတို့တွေ(စစ်ကောင်စီ)စစ်ကြောင်းတွေထိုးတော့ ဖရူဆို၊ဒီမော့ဆိုမြို့က လမ်းတွေကို ပြည်သူတွေမသွားမလာဖို့ PDF တွေက တားမြစ်ထားတယ်။ သွားလည်းမသွားခိုင်းတော့ဘူ။ လောလောဆယ် တိုက်ပွဲတော့ဖြစ်တာမရှိသေးပေမယ့် အခြေအနေကတော့မကောင်းဘူး”ဟု ၎င်းဒေသခံအမျိုးသမီးက ကေအိုင်စီသို့ပြောသည်။

ကရင်နီဒေသရှိ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကောင်စီတပ်၏မြေပြင်မှ စစ်ကြောင်း ထိုးလှုပ်ရှား မှုအပြင် စစ်ရှောင်စခန်းများပေါ်တွင် လေယာဥ်များ ပျံဝဲခြင်း၊ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်း များလုပ်ဆောင်သဖြင့် စစ်ဘေးရှောင်များ အသက်အန္တရာယ်စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရသလို မိုးတွင်းကာလဖြစ်သည့်အတွက် အမိုးအကာမလုံလောက်မှု လိုအပ်ချက်များစွာရှိကြောင်း စစ်ဘေးရှောင်များ၏ ပြောဆိုမှုအရ သိရသည်။

ဒေသခံစစ်ရှောင်တစ်ဦးက “မိုးကလည်းဆက်တိုက်ရွာနေတယ်။ တောင်ကုန်းပေါ်မှာဆိုတော့ ရေတော့ မကြီးဘူ။ လေတအားတိုက်တယ်။ နောက်ပြီးတော့ ဒီဘက်မှာ လေယာဉ်တွေတအားဝဲတယ် ဗုံးကြဲ ချတော့ တချို့ကြောက်ပြီး တောင်ပေါ်မှာတစ်ယောက်တစ်နေရာစီ လိုက်ပုန်းနေရတော့ အမိုးအကာ မလုံလောက်ဘူး။ ဖြစ်သလိုပဲနေရတယ်”ဟု ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်၏ မြေပြင်လှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများ၏ အသက် အန္တရာယ် လုံခြုံရေးစိတ်ချမှုရှိစေရန် ယာယီအားဖြင့် သွားလာရေးမပြုလုပ်ကြရန် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တားမြစ်ထားသလို စစ်ကောင်စီဘက်မှလည်း ဒေသအတွင်း စားနပ်ရိက္ခာ သယ်ယူ ရာတွင် ကန့်သတ်မှုများရှိနေပြီး အချို့လမ်းပိုင်းများကိုလည်း ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိအချိန်ထိ ကရင်နီပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ လေးသိန်းကျော်ရှိလာသော်လည်း မိမိတို့ဒေသအတွင်းရှိ လူသားချင်းစာနာထောက်ထားရေးအသင်းအဖွဲ့ များ၏ ထောက်ပံ့မှုကိုသာ အဓိက အားထားနေရသဖြင့် နိုင်ငံတကာအဖွဲ့များထံမှအကူအညီရရှိမှု မျှော်လင့်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ပြောဆိုထားသည်။