Home သတင်း ကျေးရွာရံပုံငွေဟုဆိုကာ BGF နှင့် ကျေးရွာတာဝန်ရှိသူများဦးဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေ

ကျေးရွာရံပုံငွေဟုဆိုကာ BGF နှင့် ကျေးရွာတာဝန်ရှိသူများဦးဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေ

829

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုကျေးရွာတွင် ကျေးရွာရံပုံအတွက်ဟုဆိုကာ နယ်မြေခံနယ်ခြား စောင့်တပ်(BGF) အဖွဲ့နှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံဆရာတော်များ ဦးဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို အမိုးအကာဖြင့် ရုံတည်ဆောက်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျေးရွာ ရံပုံ ငွေအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူများ၏ ပြောဆိုမှုကို အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြန်ပြောသည်။

“ရွာမှာလုပ်နေတာတော့ကြာပြီး။ ဘယ်သူမှလည်း မပြောရဲဘူး။ ဆရာတော်ရော၊ ရွာလူကြီးရော ပါ တယ်။ သူတို့ ပြောတာကတော့ ကျေးရွာရံပုံငွေအတွက်လုပ်တယ် ပြောတယ်။ နောက်ပြီးတော့ သူတို့ ကရုံထောင်ပြီးလုပ်တာ။ အဲလိုလုပ်တော့ ရွာအတွက်လည်း မကောင်းဘူး။ ကိုယ့်လူမျိုးအတွက်လည်း မကောင်းဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျုံပကိုကျေးရွာတွင် လောင်းကစားများကို ရုံတည်ဆောက်ပြီး ပြုလုပ်နေသည်မှာ နှစ်လကျော် ဝန်းကျင်လောက်ရှိနေပြီးဖြစ်သော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လာရောက်အရေး ယူဆောင်ရွက်ပေးခြင်းမျိုးမရှိကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း “အာဝါဒေး လောင်းကစားမပြုလုပ်ရ၊ မူးယစ်ဆေးဝါး မရောင်းရ မသုံးရ စည်းကမ်း ထုတ်ထားတာပဲ။ ရောင်းတယ်ဝယ်တယ်။ လက်နက်ကိုင်တွေထဲကပဲ လုပ်နေကြတာ၊ ဒါကို ကေအဲန်ယူလည်းသိတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ကေအဲန်ယူ၏ ဖားအံခရိုင်၊ တပ်မဟာ(၇)တွင် လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကို ဥပဒေအရထိရောက်စွာအရေးယူမည်ဟု ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီမှ သဘောတူလက်မှတ်ရေးထိုးထားပြီး ကျေးရွာများ တွင် လိုက်လံ အသိပေးကြေ ညာထားသော်လည်း ထိရောက်စွာ တားဆီးပိတ်ပင်အရေးယူနိုင်ခြင်းမျိုးမရှိကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဖားအံခရိုင်အတွင်းရှိ (BGF) ခေါင်းဆောင် များမှ ဘာသာရေးပွဲ၊ လမ်းတံတားဆောက်လုပ်မည့် ကျေးရွာရံပုံငွေအတွက်ဟုဆိုကာ အကြောင်း အမျိုးမျိုးပြပြီး လောင်းကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာကြသည်ဟု ဒေသခံများက ပြောသည်။

ယခုအခြေအနေနှင့် ပတ်သက်၍ ဦးဆောင်ပြုလုပ်သည့် တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။