Home သတင်း အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးနှင့် ဖုန်းလက်ဝယ်ဖမ်းဆီးရမိသူများကို ပါဆယ်ပို့ခွင့် ပိတ်ပင်

အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးနှင့် ဖုန်းလက်ဝယ်ဖမ်းဆီးရမိသူများကို ပါဆယ်ပို့ခွင့် ပိတ်ပင်

706
Photo: Crd.

ဩဂုတ်လ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးနှင့် ဖုန်း လက်ဝယ် ဖမ်းဆီးရမိသူများကို စစ်ကောင်စီက ပါဆယ်ပို့ခွင့် ပိတ်ပင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှ စတင်ကာအကျဉ်းထောင် အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထောင် အတွင်းရှိ ဝန်ထမ်း ၁၀ဦးအပါအဝင် အကျဉ်းသားများတွင် မူးယစ်ဆေးဝါးနှင့် ဖုန်းများသိမ်းဆည်းရမိ သောကြောင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ပါဆယ်ပို့ခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ဝန်ထမ်း ၅ယောက်က အရင်မိတာ။ အထဲမှာ ဆေးတွေဖုန်းတွေ ထပ်မိလို့ အမှုထပ်တိုးပြီး ထပ်ကျတယ်။ ပြီးတော့အဲ့လိုတွေမိတော့ တန်းစီးတွေ၊ စည်းကမ်းထိန်းတွေ အကုန်ပြုတ်တယ်။ လူသစ် တွေ ထပ်ခန့်ရတဲ့အထိပဲ။ ဆေးနဲ့ ဖုန်းမိတဲ့သူတွေကိုလည်း ပါဆယ်ပို့ခွင့် ပိတ်လိုက်တယ်။ အရင်ကဆို ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းလောက်ပဲစစ်တာ။ အခုက စစ်တပ်က ကိုယ်တိုင်ဝင်စစ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ဒု-ထောင်မှူး၏နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ဖုန်းများ ဖမ်းဆီးရ မိသောကြောင့် စစ်ကောင်စီမှ ယခုလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၁၁ လ ချမှတ်ခဲ့ပြီး အလား တူ မူးယစ်ဆေးအမှုနှင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဥ်းသား ၆ ဦးကို အကျဥ်းထောင်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသည့်အမှုဖြင့် ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ အမိန့်ချ၍ရသည့် ပုဒ်မများနှင့် ထပ်မံတရားစွဲဆိုထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆေးမှူးအိမ်မှာ မူးယစ်ဆေးတွေအများကြီးမိတယ်။ ပြန်လွတ်မလွတ်တော့ မသိသေးဘူး။ ဖုန်းမိတဲ့ သူတွေကလည်း အမှုတွေထပ်တိုးပြီးချခံရတယ်။ အခုပါဆယ်ပို့ရင် အချုပ်သားက သပ်သပ် တစ်ရက် သွားရတယ်။ ထောင်ကျပြီးသားက သပ်သပ်တစ်ရက်။ အရင်ကထက် အလုပ်ပိုရှုပ်သွားတာပေါ့၊” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အကျဉ်းထောင်အတွင်း ဝန်ထမ်းအများအပြား စစ်ဆေးခံရခြင်း၊ ထောင်ထပ်မံ ချခံရခြင်း များ ကြောင့် ထားဝယ်ထောင်တွင် ဝန်ထမ်းဟောင်းအနည်းစုသာကျန်ရှိပြီး လက်ရှိမှာအသစ် ရောက် လာသော ထောင်ဝန်ထမ်းအများအပြား စီမံလုပ်ကိုင်နေရကြောင်းလည်း ထောင်အာဏာပိုင်းများနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်များထံမှ သိရသည်။