Home သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရ

ကျောက်ကြီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရ

996
Photo: KNU

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ဩဂုတ်လ(၂၆)ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက် နက်ကြီးကျရောက်ပေါက်ကွဲ၍ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟို၏ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။

ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း(ခလရ-၂၆၄) မှ ကျောက်ကြီးမြို့နယ်၊ ဟင်္သာဝဲ ကျေးရွာအုပ်စု၊ ကြိုးကြီးကျေးရွာသို့ အရပ်သားပြည်သူများထံပစ်မှတ်ထား၍ ၁၂၀ မမ လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဒေသခံ အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်ကြီးမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက “အဲဒီတပ်စခန်းက ရွာတွေ ဘက်ကို လက်နက် ကြီးပစ်တာတော့ နေ့တိုင်းညတိုင်းပဲ အရင်ကဆိုနေ့ ဘက်လင်းလင်းချင်းချင်းမှာပဲ ပစ်တာများတာ။ လက်ရှိအထိလည်း လမ်းတွေပိတ်ထားတုန်းပဲ။ အဲဒီတော့ ကျနော်တို့တွေ သွားလာရေး ခက်ခဲပြီး စားဝတ်နေရေးလည်းဒုက္ခရောက်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် လက်နက်ကြီးကြောင့် အဆိုပါ ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

အလားတူ ဩဂုတ်လ(၂၅)ရက်နေ့ကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်နှင့်ရွှေကျင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ၏ အထက်ပါခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း (ခမရ-၄၃၉) တို့မှ လက်နက် ကြီး(၆)လုံး ထပ်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံနေအိမ်များ ထိခိုက် ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ကြီးမြို့နယ်နှင့်မုန်းမြို့နယ်တို့တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုများအပြင် ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် ယခု ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သိန်းနီးပါးရှိနေပြီး ညောင်လေးပင်ခရိုင် တစ်ခုလုံးအတိုင်းအတာအနေဖြင့် ၁ သိန်း ၅သောင်းကျော်ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့များ၏ မှတ်တမ်းပြုစုချက်များအရ သိရသည်။

ထို့အတူ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် မိုးရာသီကာလသဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက်ပါ အကူ အညီများစွာလိုအပ်လျက်ရှိကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကလည်း ဩဂုတ် လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။