Home သတင်း အရှေ့တီမောသံရုံးအကြီးအကဲအား မြန်မာနိုင်ငံမှနှင်ထုတ်မှုအပေါ် NUG နှင့် အရှေ့တီ မောအစိုးရ ရှုတ်ချ

အရှေ့တီမောသံရုံးအကြီးအကဲအား မြန်မာနိုင်ငံမှနှင်ထုတ်မှုအပေါ် NUG နှင့် အရှေ့တီ မောအစိုးရ ရှုတ်ချ

1069
Photo: Crd.

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့အခြေစိုက်၊ တီမောလက်စ်တေ(အရှေ့တီမော)နိုင်ငံ သံရုံးတွင် ယာယီ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေ‌သော သံရုံးအကြီးအကဲအား စစ်ကောင်စီက စက်တင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံမှနှင်ထုတ်ခဲ့ခြင်းအပေါ် အရှေ့ တီမောနိုင်ငံအစိုးရနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဥပဒေမဲ့ လုပ်ရပ် တစ်ခုအဖြစ် ရှုတ်ချပြောဆိုလိုက်သည်။

သတိပေးမှုများပြုလုပ်နေသည့်ကြားမှ NUG နှင့် ထိတွေ့မှုများပြုလုပ်နေသည့် အရှေ့တီ မောနိုင်ငံသည် မြန်မာ-တီမောနှစ်နိုင်ငံအကြား ရင်းနှီးမှုထိခိုက်စေသည် သာမက NUG ၏ လုပ်ရပ်များအား အားပေးရာ ရောက်သောကြောင့် ဩဂုတ်လ(၂၅) ရက်နေ့ရက် စွဲဖြင့် နိုင်ငံမှထွက်ခွာရန် စာဖြင့်အကြောင်းကြားခဲ့ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်အား နိုင်ငံတကာသံတမန်ရေးကိစ္စရပ်များတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိရေးသည် ပြည်သူမှတရားဝင်ရွေးကောက်ထားသော အစိုးရတွင် သာရှိ၍ နိုင်ငံတော်အာဏာကို အဓမ္မအားဖြင့်ရယူထားသော စစ်ကောင်စီအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိသည့် ဥပဒေမဲ့ပြုကျင့်မှုတစ်ခုဖြစ်ကြောင်း NUG ၏ နိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ထို့အတူ အရှေ့တီမောနိုင်ငံအစိုးရကလည်း စစ်ကောင်စီ၏အဆိုပါလုပ်ရပ်အား ရှုတ်ချ၍ အရှေ့တီမော နိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ် သလို စစ်ကောင်စီဘက်မှလည်း လူ့အခွင့်အရေးလိုက်နာ၍ ငြိမ်းချမ်းစွာဖြေရှင်းရန် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။

“ပြီးခဲ့တဲ့လက အရှေ့တီမောရဲ့အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG ဘက်ကိုပဲ ဖိတ်တဲ့အပေါ် စစ်ကောင်စီဘက်ကတော်တော် ခါးသီးတယ်နဲ့တူပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံအကြား စစ်ဖြစ်တော့မယ့်အနေအထားမို့လို့ သံတမန် အဆက်အသွယ်ဖြတ် တယ်ဆိုတာပဲရှိတာ။ ဒီလို NUG ကိုအသိအမှတ်ပြုပြီး သူတို့ကိုမပြုလို့ ဖြတ်တောက် တယ်ဆိုတာမျိုးကတော့ သံတမန်အသိုင်းအဝိုင်းအတွက်တော့ အတော်ရိုင်းစိုင်း စော် ကားတဲ့လုပ်ရပ်ဖြစ်တယ်” ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

အရှေ့တီမောနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားသော ကိစ္စနှင့် ပတ်သက်၍ ယာယီအားဖြင့် ဆိုင်းငံ့ခံထားရနိုင်ဖွယ်ရှိပြီး အာဏာပြန်ရပြီဆိုပါက အဆင်ပြေသွားမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ဖြည့်စွက်ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီအုပ်ချုပ်နေသည့် နိုင်ငံအတွင်း ၎င်းတို့ခွင့်မပြုသော အဖွဲ့ အစည်းနှင့်ဆက်ဆံမှု ပြုလုပ်ခြင်းသည် အိမ်ရှင်နိုင်ငံအနေဖြင့် လက်သင့်မခံနိုင်သော အပြုအမှုဖြစ်သဖြင့် စစ်ကောင်စီ၏ ထိုလုပ်ရပ်အား ထောက်ခံကြောင်း စစ်တပ် ထောက်ခံသူများကလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြောဆိုကြသည်။

အရှေ့တီမောနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏လက်အောက်ခံအနေဖြင့် ပဋိပက္ခ စစ်ပွဲများနှင့် ငတ်မွတ်ခေါင်းပါးမှုများအောက်တွင် နှစ်ပေါင်း၂၀ ကျော်နေထိုင်ခဲ့ရပြီး နိုင်ငံတကာကဖိအားပေးမှုကြောင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်နိုင်ခဲ့၍ အချုပ်အခြာအာ ဏာပိုင်ဆိုင်သော နိုင်ငံအဆင့်သို့ ရောက်ရှိနိုင်ခဲ့သလို ယခုလက်ရှိတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားပြီးနောက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှုအရ မူအားဖြင့်လက်ခံခြင်းခံထားရသော နိုင်ငံဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လက အရှေ့တီမောနိုင်ငံ၏အစိုးရကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ကြားရာတွင် မြန်မာနိုင်ငံကိုယ်စား NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကိုသာ ဖိတ်ကြားခဲ့ပြီး စစ်ကောင်စီကိုမူ ချန်လှပ်ထားခဲ့သည့်အပေါ် စစ်ကောင်စီဘက် ကလည်း သံရုံးအကြီးအကဲအား ဆင့်ခေါ်သတိပေးခြင်းပြုလုပ်ခဲ့သေးသည်။