Home သတင်း ကျောက်ကြီးတွင် ကျေးလက်ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေ ဆုံး၊ တစ်ဦးဒဏ်ရာရ

ကျောက်ကြီးတွင် ကျေးလက်ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေ ဆုံး၊ တစ်ဦးဒဏ်ရာရ

904
Photo: KNU

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့တွင် စစ် ကောင်စီက လေကြောင်းဖြင့်နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကျေးရွာဆေးပေးခန်းတစ်ခုသို့ ကျရောက်၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေလည်ပိုင်းက ကျောက်ကြီးမြို့နယ် သဲသောမူသဲသောခွားကျေးရွာသို့ စစ် ကောင်စီ၏ လေကြောင်းမှ ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၂၈) နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး သေဆုံး၍ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ အသက်(၂၃)နှစ်အရွယ် တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူဗဟို၏ ယမန်နေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားစဥ် ဗုံးစထိမှန်သေဆုံးခဲ့သော အမျိုးသားသည် အဆိုပါကျေးရွာဆေးပေးခန်းသို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လာသော ကိုယ်ဝန်ဆောင်ဇနီးသည်နှင့် အဖော်ပြုလိုက်လာပေးသူတစ်ဦး ဖြစ်သည်ဟု ရွာခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောပြသည်။

“သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးမို့လို့ ပြဖို့သွားတာ။ အဲဒီမှာက OG ဆရာဝန် တွေရှိတယ်လေ တချို့ရွာကလက်သည်နဲ့မနိုင်တဲ့ဗိုက်တွေဆို အဲဒီကိုပို့ကြ တာများတယ်။ သူကရွာခံပါ။ မိန်းမကို လူနာလိုက်စောင့်ပေးတာ လေယာဥ် ပစ်နေတုန်း ကျင်းထဲကနေတက်ပြီး ပစ္စည်းပြန်ယူတော့ ဗုံးစထိပြီးဆုံးတယ်။ ကျန်တဲ့ တစ်ယောက်ကတော့ ခြေထောက်နဲ့လက်မောင်းကို ထိသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိုသို့ဖြစ်ပွားပြီးနောက် လေကြောင်းထပ်မံတိုက်ခိုက်ခံရနိုင်ချေများသဖြင့် ကော်သူး လေပညာရေးသင် စာသင်ကျောင်းအချို့ ပိတ်ထားလိုက်ရကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အမည်မဖော်လိုသူဒေသခံက “တပ်စခန်းနဲ့နီးတဲ့ ကော်သူးလေကျောင်း တော်တော်များများ လေယာဥ်ကြောက်လို့ (၂၄)ရက်နေ့က စပြီး တပတ်တိ တိပိတ်တယ်။ မိဘဆရာ အစည်းအဝေးခေါ်ပြီး ပြောတာပါ။” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်စဥ် ဒေသခံနေအိမ်တစ်လုံးပေါ်သို့ ဗုံးကျ ရောက် ပေါက်ကွဲ၍ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သလို ထိုနေ့နောက်ပိုင်း လေကြောင်း ပျံဝဲမှုများမကြာခဏရှိလာ၍ စိုးရိမ်ထိတ်လန့်မှုဖြင့်နေထိုင်နေရကြောင်း ဒေသခံများက ပြောဆိုထားသည်။

ယခုဩဂုတ်လအတွင်း ညောင်လေးပင်ခရိုင် ကျောက်ကြီး၊ မုန်းမြို့နှင့် ရွှေ ကျင် စသော မြို့နယ် (၃)ခုရှိ ကျေးရွာများသို့ စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်၍ လေကြောင်းဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။