ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths က စစ်ကောင်စီနှင့်လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအနှံ့အကူအညီပေးနိုင်ရေး ကြိုးပမ်းမှုသည် သိသာစွာ အောင်မြင်မှုကင်းမဲ့နေကြောင်း ဒေသတွင်းနှင့်နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၀၀ ကျော်က ဩဂုတ်လ(၂၂)ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
UNOCHA ၏ အကြီးအကဲတစ်ဦးအနေဖြင့် စစ်ကောင်စီသို့ သွားရောက်တွေ့ဆုံရသော်လည်း နိုင်ငံအနှံ့ အကူအညီဝင်ရောက်ခွင့် စသည့် ရလဒ်များအား ပြည်သူလူထုထံ ပြန်လည်ချမပြနိုင်သည့်အပြင် အကြပ် အတည်းဖြစ်နေသော မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ကို UNOCHA က ဖြေရှင်း နိုင်စွမ်းမရှိသေးခြင်းကလည်း ထောက်ပြစရာဖြစ်လာသည်ဟု ထုတ်ပြန်ချက်ပါပြောခွင့်ရ ရှေ့ပြေး အသံအဖွဲ့(PV)၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက ယခုလိုပြောသည်။
“မြေပြင်မှာ ထိထိရောက်ရောက်လုပ်ဆောင်နိုင်တဲ့NUG လို ERO တွေလို နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အ စည်းတွေ၊ အင်အားစုတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ UNOCHA က ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ စစ်ကောင်စီကိုပဲ သွားချည်းကပ်နေတာဟာ မှားယွင်းတယ်လို့ ကျမတို့အနေနဲ့ထပ်ခါတလဲလဲ ပြောနေရတယ်။ ဒါတွေကြောင့်ပဲ မအောင်မြင်ဘူးလို့ပြောတာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဖွဲ့များ၏ပူးတွဲထုတ်ပြန်ချက်တွင် UNOCHA အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လူသားချင်း စာနာမှုအကူအညီများအား လက်နက်သဖွယ်အသုံးချနေသော တရားမဝင်စစ်ကောင်စီနှင့် ချိတ်ဆက် လုပ်ဆောင်နေမှုကို ဖြတ်တောက်ရမည်ဖြစ်သလို စစ်ကောင်စီက Mr. Martin Griffiths ၏ ခရီးစဥ်အား ဝါဒဖြန့်ချိရေးအဖြစ် အသုံးချခဲ့ခြင်းအတွက်လည်း စိုးရိမ်နေရကြောင်း ထောက်ပြပြောဆိုသည်။
ထို့အပြင် UNOCHA ၏ လုပ်ရပ်သည် တစ်နိုင်ငံလုံးအပေါ်ကျူးလွန်နေသော စစ်ကောင်စီ ၏ အကြမ်း ဖက်လုပ်ရပ်အား ပိုမိုအတင့်ရဲလာစေနိုင်ပြီး မြန်မာနိုင်ငံ၏လူသားချင်းစာနာမှုအကူအညီရရှိရေး အကြပ် အတည်းအား ပိုမိုဆိုးရွားလာစေမည်ဖြစ်သည်ဟုလည်း အရပ်ဖက်အဖွဲ့များက ဖြည့်စွက်ဖော်ပြထားသည်။
ထို့အတူ စစ်ကောင်စီကအရပ်သားများအပေါ် ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်မှုလုပ်ဆောင်နေသည့် သိန်းနှင့်ချီသော စစ်ဘေးရှောင်များရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် အနောက် မြောက်ပိုင်းသို့ UNOCHA လက်အောက်ခံဝန်ထမ်းများအနေဖြင့် သွားရောက်နိုင်ရန် အရေးကြီးသလို နယ် စပ်ဖြတ်ကျော်အကူအညီပေးရေးအပါအဝင် မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ထိရောက်သောအကူအညီအတွက် ပူးပေါင်းချိတ်ဆက်ရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် တိုက်တွန်းထားသည်။

(PV)၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက “သူတို့ တကယ်လုပ်ရမယ့်အလုပ်က တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အဖွဲ့အစည်းတွေ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေနဲ့ သေချာချိတ်ဆက်မယ်ဆိုရင် ပိုပြီးအောင်မြင် တဲ့လုပ်ဆောင်ချက်ဖြစ်မှာပါ။ နေပြည်တော်ကိုသွားနေတာတွေ မလုပ်တော့ဘဲနဲ့ ခုဏက ပြောတဲ့အဖွဲ့ အစည်းတွေနဲ့ အကူအညီထိရောက်မှုရှိဖို့ တွေ့ဆုံတိုင်ပင်ရမယ်။ ကျမတို့မှာ လမ်းကြောင်းတွေကရှိနေပြီးသား UNOCHA ဘက်ကသာလျှင် လမ်းဖွင့်ပြီး အတူပူးပေါင်းဆောင်ရွက်ရမှာပါ” ဟု ဖြည့်စွက်ပြောဆိုသည်။
OCHA အနေဖြင့် မအောင်မြင်သော လူသားချင်းစာနာမှု ပုံစံကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်း နေ မည့်အစား တကယ်ဆောင်ရွက်နေသည့် ဒေသတွင်းအဖွဲ့အစည်းများသို့ ပံ့ပိုးကူညီမှုဖြင့် ဆန်းသစ် တီထွင်ရမည်ဖြစ်သလို တရားဝင်မှုရှိသော သက်ဆိုင်သူများနှင့်ပူးပေါင်းခြင်းဖြင့်သာ နိုင်ငံတကာရာ ဇဝတ်မှုဒဏ်ခံနေရသည့် လူထုအတွက် ထိရောက်ကျယ်ပြန့်သောအကူအညီကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
အဆိုပါထုတ်ပြန်ချက်အား အမည်မဖော်လိုသော အဖွဲ့အစည်းပေါင်း ၂၆၀ အပါအဝင် ရှေ့ပြေးအသံအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးနှင့် အထောက်အကူပြုကွန်ရက်(KPSN)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG) အစရှိသည့် ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၅၁၄ ဖွဲ့မှ ပူးတွဲလတ်မှတ်ထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း လူသားချင်းစာနာမှုအကူအညီများအတွက် ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်နေ့က UNOCHA ၏အကြီးအကဲနှင့်အွန်လိုင်းမှတဆင့် တွေ့ဆုံမှု လုပ်ဆောင်ခဲ့သလို ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုလမ်းကြောင်းအတိုင်း ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အပြောင်းအလဲ လုပ်ဆောင်ရန်လိုကြောင်း ပြောဆိုမှုရှိထားသည်။



















