Home သတင်း ထားဝယ်မြို့တွင် တစ်လအတွင်း ကုန်စျေးနူန်း နှစ်ဆကျော်မြှင့်တက်

ထားဝယ်မြို့တွင် တစ်လအတွင်း ကုန်စျေးနူန်း နှစ်ဆကျော်မြှင့်တက်

565

ဩဂုတ် ၂၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ဩဂုတ်လတတိယပတ်အထိ တစ်လအတွင်း အခြေခံစားသောက်ကုန်စျေးနူန်း နှစ်ဆကျော် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့တွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများသည် ယခင်ကထက် နှစ်ဆကျော် မြင့်တက်လာကြောင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “နှစ်သောင်းတန်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆန်ကအစ စျေးတက်လာတာ။ တချို့ဆိုင်တွေဆိုရင် နှစ်သောင်း တန်နဲ့ သွားဝယ်ရင် မရောင်းဘူးပြောတယ်။ အရင်လက ၂၄ပြည်တစ်အိတ်ကို (၁၁၀,၀၀၀)ကနေ (၁၇၀,၀၀၀)ထိ ပေါက်စျေးရှိတယ်။ ဘယ်လိုလုပ် ဝယ်စားနိုင်တော့မလဲ။ ဆန်ကြမ်းက တစ်ပြည်(၄,၀၀၀)အထိ တက်လာတယ်။ Sunday တစ်ထုပ်ကို ၅၀၀ဖြစ်သွားပြီး။ ပုဇွန်ဆီ အရင်က တစ်လီတာ (၃၀၀၀)ကနေ ၅၀၀၀ ထိဖြစ်သွားပြီး။ တစ်နေ့ တစ်နေ့ရ ပ်တည်ဖို့ ခက်လာတယ် ။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒေသအတွင်းရှိ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သူ (CDM)ပြုလုပ်ထားသဖြင့် ပုံမှန်ဝင်ငွေ မရှိနေသော ကြောင့် ရှင်သန်ရပ်တည်ရေးအတွက် တစ်နေ့တခြား ပိုမို ခက်ခဲလာကြောင်းလည်း အဆိုပါအမျိုးသမီးက ဆက်ပြော သည်။

ထားဝယ်မြို့အတွင်း၌လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် စစ်တပ်များပူးပေါင်းကာ ယနေ့အချိန်ထိ လမ်းဆုံလမ်းဂွနေရာများတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးခြိမ်းခြောက် တောင်းယူမှုများရှိနေ သောကြောင့် ကျေးရွာမှ လာရောက်စျေးဝယ်ယူသူများနှင့် မြို့ထဲသွားလာနေသူများအနေဖြင့် သွားရေးလာရေး အခက် အခဲများ ကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ပြောသည်။

ဒေသခံရွာသားတစ်ဦးက “ရွာကနေ ဆန်လာဝယ်ရင်လည်း PDF ကို ပေးဖို့လား ဆိုပြီးရစ်တယ်။ ပြီးရင် တောင်းသ လောက် ပေးရတယ်။ ဆိုင်ကယ်ခြင်း မပါရင် ငါးသောင်း သုံးသောင်းပုံမှန်ဘဲ။ သွားရလာရတာ တော်တော် အဆင်မပြေ လာတော့ဘူးလေး။ ကုန်စျေးနူန်း တက်တာကတစ်မျိုး သူတို့က တောင်းတာက တစ်မျိုးနဲ့ ပြည်သူတွေ လုံးပါး ပါးလာ ကြပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်ဘက်ရှိ ကျေးရွာများတွင်လည်း ပြီးခဲ့တဲ့ ၂၃ရက်နေ့နောက်ပိုင်း၌ ညအချိန်များတွင် စစ်ကောင်စီ တပ်စွဲထားသည့် ဗျူဟာကုန်းများမှ လက်နက်ကြီးများကို ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ပြောစကားအရ သိရ သည်။