Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်မေးမြန်းခန်း – NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဆက်သွယ်မေးမြန်းခန်း – NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

627
Photo: NUG

ဆက်သွယ်မေးမြန်းခန်း

“Mr.Martin Griffiths အနေနဲ့ မြန်မာနိုင်ငံကို သွားလိုက်တော့ နိုင်ငံကပြည်သူတွေရဲ့ တကယ့် လိုအပ်ချက်တွေကို ကမ္ဘာကိုပြနိုင်မယ့် အခွင့်အရေး ရှိသွားတယ်” NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဩဂုတ် ၃၁ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံအတွင်း လိုအပ်နေသော လူသားချင်းစာနာမှုအကူအညီများအတွက် ထိရောက်မှုရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ UNOCHA မှ အကြီးအကဲ Mr.Martin Griffiths နှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုအပေါ် NUG ၏ အမြင်နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ထိရောက်သော အကူအညီရရှိစေရန် တောင်းဆိုတိုက်တွန်းချက်များအား သိရှိနိုင်ရန် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်ရေးပဋိပက္ခကြောင့်ရော သဘာဝဘေးကြောင့်ရော လူသားချင်း စာနာမှုအကူအညီ လိုအပ်နေတဲ့ ပြည်သူသန်းချီ ရှိနေတယ်ဆိုတော့ NUG အနေနဲ့ ဒီလူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အနေအထား ဘယ်လောက်အထိ ရှိနေပါလဲ။
ဖြေ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့ သဘာဝဘေးအန္တရာယ် တွေကြောင့် လူသားချင်းစာနာတဲ့အကူအညီတွေ အများကြီးလိုလာတယ်။ ဒီအချိန်မှာ နိုင်ငံတကာ အကူအညီတွေ ရရှိလားဆိုတဲ့ မေးခွန်းတွေ ရှိလာသလို ကျနော်တို့ အနေနဲ့လည်း ကြိုးစားပါတယ်။ ကျနော်တို့ အစိုးရ စဖွဲ့ကတည်းက ကြိုးစားတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့လဲဆိုတော့ နံပါတ် (၁) အချက်က ကျနော်တို့ မိတ်ဆွေနိုင်ငံတွေ၊ အလှူရှင်နိုင်ငံတွေနဲ့ အွန်လိုင်းကနေဖြစ်စေ ကိုယ်တိုင်သွားလို့ရတဲ့နေရာဆို ကိုယ်တိုင် သွားရောက်၍ဖြစ်စေ ချိတ်ဆက်ဆောင်ရွက်တာ ရှိပါတယ်။ အဲ့လိုနေရာမှာ ထိရောက်အောင် မြေပြင် လိုအပ်ချက်ကို ထောက်ပြနိုင်အောင် အမြဲတမ်း နောက်ဆုံး Update ရရှိအောင် လုပ်ပါတယ်။

မိတ်ဆွေနိုင်ငံတွေကိုပါ အကူအညီတောင်းတော့ သူတို့နိုင်ငံအလိုက် ကျနော်တို့ နိုင်ငံထဲမှာ သူတို့နဲ့ချိတ်ဆက် ဆောင်ရွက်နေတဲ့ INGO တွေ NGO တွေ ရှိတယ်ပေါ့နော်၊ သူကတဆင့် ဆောင်ရွက်နေတဲ့ CSO တွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့တွေက စစ်ကောင်စီရဲ့လက်အောက်မှာ ရောက်ရှိနေတဲ့အတွက် အရမ်းကြီးတော့ လွယ်ကူတာ မဟုတ်ပေမယ့် ကျနော်တို့ထောက်ခံတဲ့ INGO တွေ မြေပြင်မှာ လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို စည်းရုံးဆောင်ရွက်နိုင်တဲ့အခါ ဒီကတဆင့် ငွေကြေးစီးဆင်းပြီး ထောက်ပံ့ဆောင်ရွက်ဖို့ ရှိတယ်။ လက်ရှိမှာ ထောက်ပံ့နေတာလည်း ရှိတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားနေတာ ရှိတယ်။

နောက်တစ်ချက်က ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေက သူတို့ရဲ့လိုအပ်ချက်အလိုက် Proposal တွေ ရေးဆွဲတာရှိတယ်။ ဒါတွေကို တင်ပြပြီးတော့ ထောက်ပံ့ငွေ ရရှိအောင်လုပ်တယ်။ ရရှိတဲ့အခါမှာ ကျနော်တို့က သက်ဆိုင်ရာ ဆောင်ရွက်နေကျ Foundation ကနေ တဆင့် ငွေကြေးလွှဲပြောင်းမှုတွေရရှိအောင် လုပ်တာ ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရာမှာလည်း မြေပြင်မှာ ချိတ်ဆက်ထားတဲ့ community base organization တွေနဲ့ ချိတ်ဆက်တာတွေ လုပ်တာပါ။

နောက် နံပါတ် (၃) နည်းကတော့ ကုလသမဂ္ဂနဲ့ ကျနော်တို့ အမြဲတမ်းတွေ့ဆုံတာတွေ လုပ်တယ်။ ပြီးရင် သူတို့တဆင့် ထောက်ပံ့မှုက UN ရဲ့ partner INGO တွေ ရှိတော့ သူတို့တွေကနေ တဆင့် ပြည်သူတွေ လက်ထဲကိုရောက်အောင် ဆောင်ရွက်တာတွေ ရှိတယ်။ ကျနော်တို့က အဲဒီ ပါတနာ INGO တွေကို ကျနော်တို့နဲ့ လက်တွဲပြီးတော့ တကယ်ထိထိရောက်ရောက် မြေပြင်မှာ ဆောင်ရွက်နိုင်မယ့် INGO တွေကို recommend လုပ်တယ်။ သူတို့ကပဲ မြေပြင်မှာ လက်တွေ့လုပ်တဲ့ CSO တွေနဲ့ အတတ်နိုင်ဆုံး ချိတ်ဆက် တယ်။ UN ရော သူတို့ရဲ့တဆင့်ခံတွေကရော စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ သွားရတဲ့အတွက် အရမ်းခက်ခဲရတာတော့ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ Recommend လုပ်တဲ့ဆီကနေ သွားတဲ့အခါ ကျတော့ အထိုက်အလျောက် ရောက်ရှိအောင် ကျနော်တို့ ကြိုးစားနေတာပေါ့။

မေး။ ။ နောက်တစ်ခုက နိုင်ငံတကာကအဖွဲ့တွေအနေနဲ့ အကူအညီပေးရာမှာလည်း စစ်ကောင်စီက တဆင့် သွားနေရတယ်ဆိုတော့ ထိရောက်မှုမရှိဘူးဆိုတော့ ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေက နယ်စပ် ဖြတ်ကျော် အကူအညီပေးနိုင်ဖို့ကို မျှော်လင့်တောင်းဆိုနေကြတယ်။ ဒီနေရာမှာ NUG က ဘယ်လို အခန်းကဏ္ဍကနေ လိုက်ပါဆောင်ရွက်နိုင်ပါလဲ။
ဖြေ။ ။ ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကလိုလားတဲ့ နယ်စပ်ဖြတ်ကျော်အကူအညီ ဆောင်ရွက်တဲ့ အခါ ကျနော်တို့အနေနဲ့ လုပ်ဆောင်နိုင်တဲ့နေရာတွေ ရှိတယ်။ သို့သော်လည်း တရားဝင်မဟုတ်တော့ အခက်အခဲရှိတဲ့အတွက် ထိရောက်မှုရှိဖို့ကတော့ လိုအပ်သေးတယ်။ ကျနော်တို့အနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီ ထိထိရောက်ရောက်ရရှိဖို့ ကြိုးစားခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် နိုလင်းဟေဇာရှိတုန်းကပေါ့၊ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုသွားပြီးတော့ ဖြတ်ကျော်မှုအကူအညီ အဆင့်ဆင့်ရဖို့ ကြိုးစားခဲ့တယ်။ ဒါကတော့ လက်ရှိမှာ ကြိုးစားနေတဲ့ အခြေအနေ ဖြစ်ပြီး အောင်မြင်မှုမရရှိသေးတဲ့အတွက် ဆက်လက်ပြီးကြိုးစားရဦးမယ့်ကိစ္စ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ပြည်တွင်း လူသားချင်းစာနာမှုအကူအညီပေးရာမှာ NUG က ပေးနေတဲ့အကူအညီနဲ့ လက်လှမ်း မီနိုင်မှု အခြေအနေ ဘယ်လိုရှိပါလဲ။ အခက်အခဲကရော ဘာတွေရှိနေသလဲဆိုတာ ပြည်သူ သိရှိအောင် ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့တွေက လူသားချင်းစာနာမှု အကူအညီအတွက် အထက်မှာပြောသွားတဲ့ နည်းလမ်း အတိုင်း နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ တကယ်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဆန်းစစ်ထားတဲ့ အချက် အလက်တွေ လမ်းကြောင်းတွေကို ရှင်းပြတယ်။ ဒီအခါမှာ နိုင်ငံတကာကလည်း ကူညီချင်စိတ်က အပြည့်ရှိ ပါတယ်။ အခက်အခဲကတော့ ခုနကပြောသလို ရှိတာပေါ့။ ပထမဦးဆုံးကတော့ လမ်းကြောင်းပေါ့။ လမ်းကြောင်း ကလည်း နိုင်ငံအလိုက်ရှိပြီးသားဖြစ်တဲ့ INGO တွေနဲ့တဆင့် ကျနော်တို့ထောက်ခံတဲ့မြေပြင်က အဖွဲ့တွေကို တိုက်ရိုက်ထောက်ပံ့တာ ဖြစ်တယ်။ ဒီဟာက အကျိုးရှိတာကတော့ အများကြီးမဟုတ်ပေမယ့် အသင့်အတင့်တော့ ရှိတယ်။

ဒီလိုအကူအညီတွေ ရနိုင်ဖို့ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းကနေ Proposal ရေးရတာရှိတော့ ဒါတွေကို ကျနော်တို့က ပြပေးပြီးဖြစ်စေ ကျနော်တို့ကိုယ်တိုင်ကဖြစ်စေ တကယ့်လိုအပ်ချက်တွေကို Proposal တွေရေးပြီး မိတ်ဆွေနိုင်ငံတွေကနေ သက်ဆိုင်ရာအဖွဲ့တွေဆီ ငွေကြေးစီးဆင်းပြီး မြေပြင်ကအဖွဲ့တွေအထိ ရောက်ရှိအောင် အကောင်အထည်ဖော်ရတာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ နိုင်ငံတကာအကူအညီရရှိအောင် ကြိုးစားခဲ့တာ၊ ကြိုးစားနေတာဖြစ်တယ်။ နောက် UN ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက စစ်တပ်နဲ့ချိတ်ဆက် ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ်။ စစ်တပ်နဲ့ချိတ်ဆက် ဆောင်ရွက်ပြီးရင်လည်း စစ်တပ်က တကယ်အကူအညီ လိုအပ်တဲ့နေရာတွေမှာ လက်ဝါးကြီးအုပ်ထားပြီး ထိန်းချုပ်ထားတော့ ထိရောက်တဲ့အကူအညီ ရောက်ရှိဖို့ မလွယ်တာပါ။

တကယ်ဒုက္ခရောက်တဲ့သူတွေ ဆိုတာလည်း စစ်တပ်ကရန်သူလို သဘောထားတဲ့ပြည်သူတွေဖြစ်နေတော့ ဘယ်လိုမှထိရောက်မှု မရှိဘူး။ အတတ်နိုင်ဆုံးတော့ နိုင်ငံတကာက လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါကြောင့်ပဲ မြေပြင်မှာ ဆောင်ရွက်နေတဲ့ သူတွေက နယ်စပ်ဖြတ်ကျော် အကူအညီကို လိုလားကြတယ်။ လက်ရှိမှာလည်း ဒီအကူအညီက ရှိပါပေမယ့် တကယ့်အခက်အခဲတွေကြားကနေ ရသလောက် ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ထိထိရောက်ရောက် မဖြစ်တာပါ။ နောက်ပြီး ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ပူးပေါင်းပြီး ချိတ်ဆက်ဆောင်ရွက် နေတာ ရှိပါတယ်။ ဒီနည်းကပိုပြီး ထိရောက်လာပါတယ်။

အခုဆိုရင် ဒီERO တွေ ထိန်းချုပ်တဲ့နေရာတွေ သက်ဆိုင်ရာတော်လှန်ရေး အင်အားစုတွေရှိတဲ့ ပြည်နယ် တွေမှာလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့လာနိုင်တော့ NUG က ချိတ်ဆက်ပြီး ထောက်ပံ့မှု ပေးနိုင်အောင် ဆောင်ရွက်နေတာဖြစ်တယ်။ အဓိကအရေးကြီးတာကတော့ Fund ပေါ့နော်၊ နိုင်ငံတကာ အကူအညီက ကျနော်တို့ လမ်းကြောင်းကိုသိရှိပြီး ကျနော်တို့လို ထိုးဖောက်ဝင်ရောက် နိုင်မယ်ဆိုရင် ပိုကောင်းလာမယ်။ ကျနော်တို့ မြေပြင်ကို လက်လှမ်းမီမှု အပြည့်အဝရှိတယ်၊ ချိတ်ဆက်မှု ကောင်းတယ် Resources လိုအပ်တာပဲ ရှိတယ်။

မေး။ ။ မကြာသေးမီက UNOCHA က စစ်တပ်နဲ့ လာရောက်တွေ့ဆုံပြီး အကူအညီပေးရေးအတွက် ဆွေးနွေးလုပ်ဆောင်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ နိုင်ငံအတွင်းက ဒီပဋိပက္ခဖြစ်ပွားရာ ဒေသတွေအထိ နိုင်ငံတကာအကူအညီ ဝင်ရောက်ခွင့်ကိုလည်း တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်အပေါ်ရော NUG ရဲ့ ထင်မြင်ချက်က ဘယ်လိုရှိပါလဲ။
ဖြေ။ ။ UNOCHA ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးကတော့ သူပြန်ရောက်ပြီး Mr.Martin Griffiths က ကျနော်တို့နဲ့ လည်း တွေ့ဆုံဆွေးနွေးနေတာ ရှိပါတယ်။ စစ်ကောင်စီနဲ့ သူနဲ့တွေ့ဆုံရာမှာ စစ်ကောင်စီဘက်က တောင်းဆိုချက်တွေ ရှိခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထူးထူးခြားခြား မျှော်လင့်လို့ မရနိုင်ဘူးဆိုတာကတော့ ကျနော်တို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီခရီးက တကယ်လိုအပ်တဲ့ ပြည်သူတွေဆီ အကူအညီရောက်ရှိဖို့ မြန်မာနိုင်ငံကိုသွားတာလို့ Mr.Martin Griffiths က ဆိုတယ်။ ဒါပေမဲ့ သွားတဲ့အခါ တကယ်လိုအပ်နေတဲ့ပြည်သူတွေကို ရန်သူလိုသဘောထားတဲ့ စစ်ကောင်စီ အနေနဲ့က တကယ်လိုအပ်တဲ့ပြည်သူတွေ အကျိုးရှိဖို့ ခွင့်ပြုချက်ပေးဖို့ လုပ်ဆောင်နိုင်မယ် မထင်ဘူးလို့ ယူဆတယ်။

စစ်ကောင်စီက ဖန်တစ်ရာတေနေတဲ့ လုပ်နည်းတွေ လုပ်ဦးမှာပဲ။ ဒါကြောင့်လည်း လိုအပ်သူတွေဆီ ရောက်ဖို့ မလွယ်ဘူးလို့ ကျနော်သုံးသပ်တယ်။ ဒါပေမယ့် တစ်ခုက Mr.Martin Griffiths အနေနဲ့ မြန်မာနိုင်ငံကို သွား လိုက်တော့ နိုင်ငံကပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်တွေကို ကမ္ဘာကိုပြနိုင်မယ့် အခွင့်အရေး ရှိသွားတယ်။ ဒါကတော့ ကျေးဇူးတင်စရာကောင်းတာပေါ့။ ကိုယ်တိုင်သွားနိုင်တော့ ဒီလိုတွေ့ဆုံမှုက တဆင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကမ္ဘာကသိရှိသွားသလို သူ့အနေနဲ့ UN ကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်အောင် တိုက်တွန်းခွင့် ရှိသွားတယ်။ အလှူရှင်နိုင်ငံတွေကလည်း သူတို့လှူထားတာတွေက ထိရောက်မှုရှိဖို့ လိုလားကြတော့ အကူအညီ ထိရောက်မှုရှိမယ့် နည်းလမ်းတွေကို သိရှိသွားတာပေါ့။

မေး။ ။ NUG အနေနဲ့ နိုင်ငံတကာက ပေးလာတဲ့အကူအညီကို တိုက်ရိုက်လက်ခံနိုင်ခွင့်အတွက် သူတို့နဲ့ ဘယ်လောက်ထိ ချိတ်ဆက်ဆောင်ရွက်နေတာရှိပါလဲ၊ ဘာတွေတောင်းဆိုချင်လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ဒါပေမဲ့ အထက်မှာပြောသလို ထိရောက်တဲ့အကူအညီ ဖြစ်ဖို့အတွက် ဖန်တီးပုံဖော်ရမယ့် UN ကပဲ အခုထက်ပိုပြီး ပြောင်းလဲမှရမှာပါ။ အခုလက်ရှိပုံစံထက် ပိုထိရောက်မယ့် နည်းလမ်းတွေကို တီထွင်ဆန်းသစ် ဖို့လည်း လိုပါတယ်။ အဲဒီအတွက် ERO တွေ NUG နဲ့ ချိတ်ဆက်ပြီးသား CSO တွေနဲ့ ဆက်သွယ်ပြီး တိုက်ရိုက် အကူအညီပို့နိုင်တဲ့ အပြောင်းအလဲကို UN အနေနဲ့ ဖန်တီးနိုင်ဖို့လိုတယ်။ ကျနော်တို့ကတော့ လက်ရှိကျနော် တို့ ပြည်သူတွေထိရောက်တဲ့ အကူအညီတွေကို ရရှိဖို့ကြိုးစားလုပ်ဆောင်ခဲ့တယ်။ လုပ်ဆောင် နေမှာပဲလို့ UN အနေနဲ့ အပြောင်းအလဲဖြစ်ဖို့မျှော်လင့်တယ်။

ဒီလိုဆိုရင် ကျနော်တို့လည်း လက်တွဲပြီး ထိထိရောက်ရောက် လက်တွဲဆောင်ရွက်သွားနိုင်မှာပါ။ နောက်တစ်ခု က UN က စစ်ကောင်စီရဲ့ ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ ခုနကပြောတဲ့ နည်းလမ်းတွေကို ဖော်ထုတ်ပြီး တကယ်ဒုက္ခရောက်တဲ့ နေရာတွေဖြစ်တဲ့ စစ်ကိုင်းတို့၊ မကွေးတို့ဘက်ကို UN အနေနဲ့သွားရောက် ထောက်ပံ့နိုင်တဲ့ အခွင့်အလမ်းရှိရင် အကူအညီပေးဖို့ သွားတဲ့လမ်းမှာ လုံခြုံမှုရှိဖို့ ကျနော်တို့ NUG နဲ့ ERO တွေက အာမခံထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ကြိုတင်ပြီးတော့ အချိန်မီ အကြောင်းကြား အသိပေးဖို့ လိုတယ်။

တော်လှန်ရေးအင်အားစုတွေက ကြိုသိနိုင်စရာ နည်းလမ်းမရှိတော့ ကျနော်တို့ကိုသာ ကြိုအသိပေး ထားနိုင်ရင် အားလုံးကဝိုင်းဝန်းလက်တွဲပြီး အကူအညီရရှိရေး လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာအလိုက် စာနဲ့ရော နှုတ်နဲ့ရော ကျနော်တို့ ပို့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် UN အပါအဝင် ကူညီမယ့် အဖွဲ့အစည်းအားလုံးက စစ်ကောင်စီကိုပဲ Engage လုပ်တာ မဟုတ်ဘဲ တကယ်လက်တွေ့ မြေပြင်မှာ ဒုက္ခရောက်နေတဲ့ လူတွေအတွက် အကူအညီပေးဖို့ ကျနော်တို့ အပါအဝင် တကယ်ဆောင်ရွက်နေတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ထိရောက်ပြီး လုံခြုံတဲ့အကူအညီ ဖြစ်မယ်ဆိုတာ ပြောချင်ပါတယ်။