Home ဆောင်းပါး KNU ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ

KNU ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ

912

KNU ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၀ရက်)

ဩဂုတ်လ ၆ရက်နေ့က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က “နွေဦးတော်လှန်ရေး၌ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်” ဆိုသည်ကို ထုတ်ပြန်ပါတယ်။

ထိုပူးတွဲထုတ်ပြန်ချက်နှင့်စပ်လျဉ်းပြီး (KNU)ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြားရေးဌာနတာဝန်ခံနှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရဲ့ ပြောကြားချက်(အသံ)ကို ကရင်အမျိုးသားမီဒီယာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဩဂုတ်လ ၇ရက်နေ့က အပြည့်အစုံ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်၊ ပဒိုစောတောနီးရဲ့ အဲဒီပြောကြားချက်ထဲမှာ “နိုင်ငံတ ကာအသိုင်းအဝိုင်းနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော်တို့ ဘယ်တော့မှ မငြင်းဘူး။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ အတွေ့အကြုံတွေက သွန်သင်လာခဲ့တဲ့အပေါ်မှာတော့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ပုံစံတစ်မျိုးနဲ့ လုပ်ရမှာ သေချာတယ်”လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် “ကျနော်တို့ အဓိကအားဖြင့် ကရင့်အမျိုးသားအစည်းအရုံး ရပ်တည်ချက်က တွေ့ဆုံဆွေးနွေးပွဲဆို တာ မငြင်းဘူး။ ဒါပေမယ့် ဖြစ်ပေါ်လာမယ့် တွေ့ဆုံဆွေးနွေးပွဲဆိုတာက ဒီအချက် ၄ချက်ကို ငြင်းပယ်လို့မရဘူး။ ဒါကို လက်ခံရမှာဖြစ်တယ်” လို့ဆိုပြီး တွေ့ဆုံဆွေးနွေးပွဲနဲ့သက်ဆိုင်တဲ့ အချက် ၄ချက်ကို ထည့်သွင်းရှင်းလင်း ပြောဆိုထား ပါတယ်။

ပဒိုစောတောနီးပြောဆိုတဲ့ အချက် ၄ချက်ကို အနှစ်ချုပ် ကောက်နုတ်ဖော်ပြရရင် အခုလို ဖြစ်ပါလိမ့်မယ်။
၁။ စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာပြီး ကာကွယ်ရေး တာဝန်ပဲထမ်းဆောင်ရမယ်၊ ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းဖို့ ဦးတည်ရမယ်။ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။
၂။ စစ်တပ်က လူထုအပေါ် သတ်ဖြတ်မှုများကို ပြေငြိမ်းမရဘဲ ပြစ်မှုအားလုံးအတွက် တာဝန်ယူ တာဝန်ခံရမယ်။
၃။ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဖြင့် ရှေ့ဆက်သွားရမယ်။
၄။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် အထူးသဖြင့် တွေ့ဆုံဆွေးနွေးပွဲများတွင် နိုင်ငံတကာက ပါဝင်ရမယ်။

ဒီအချက် ၄ချက်ဟာ အခြေခံအားဖြင့်ပြောရရင် (စကစ)စစ်အုပ်စုက တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ (EAOs) အား တစာစာဖိတ်ခေါ်နေတဲ့ (NCA)စာချုပ်နဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက တွေ့ဆုံဆွေးနွေးရေးပုံစံကို လက်မခံ ငြင်းပယ်လိုက်တဲ့ သဘောထားလို့ ယူဆရမှာဖြစ်ပါတယ်။ အခြားတဖက်မှာတော့ (KNU) ကရင်အမျိုးသား အစည်းအရုံးက လိုလားတဲ့ (ပုံစံတစ်မျိုးနဲ့လုပ်ရမယ်ဆိုတဲ့) တွေ့ဆုံဆွေးနွေးရေးဟာ အထက်ပါ အချက် ၄ချက်နဲ့ ကိုက်ညီတာမျိုး ဖြစ်ရမယ်လို့ ဆိုလိုပုံရပါတယ်။

သို့သော်လည်း ဒါဟာ (KNU) ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအလုပ်အမှုဆောင်တစ်ဦး၊ နိုင်ငံခြားရေး ဌာန တာဝန်ခံနှင့် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်တွေပဲ ဖြစ်ပါသေးတယ်။

နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတစ်ရပ်က ကိုင်စွဲထားတဲ့ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ သဘောထားပေါ်လစီ” ဆိုတာ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း၊ ခိုင်ခိုင်မာမာရှိဖို့ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ကွန်ဂရက်တစ်ခုနှင့်တစ်ခု အကြား၊ ပါတီညီလာခံတစ်ခုနှင့်တစ်ခုအကြား အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ (ဗဟိုကော်မတီ သို့မဟုတ် ဗဟိုအလုပ် အမှုဆောင်ကော်မတီ)ကသာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုး ဖြစ်သင့်ပါတယ်။ ဒါမှ တည်ကြည်မှုနဲ့ ခိုင်မာမှု ပိုပြီး ရှိပါလိမ့်မယ်။

ဒီဆောင်းပါးကို ရေးသားနေဆဲမှာပဲ အချက်အလက်သစ်တစ်ခု ထပ်မံ ကြားသိဖတ်ရှုလာရပြန်ပါတယ်။ အဲဒီအ ချက်အလက်ကတော့ စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက (၁၇)ကြိမ်မြောက် KNU အစည်းအရုံးကွန်ဂရက်အပြီး ဩဂုတ်လ(၁၀)ရက်နေ့က ပြုလုပ်တဲ့ ပထမဦးဆုံး သတင်းစာရှင်း လင်းပွဲမှာ ပြောကြားလိုက်တဲ့အချက်ပါပဲ။

အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCAရဲ့အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့နှလုံးသားဖြစ်ပါတယ်။

အဲဒါကို ဖျက်ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိတော့ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ကို နိုင်ငံတကာလှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး ဆိုတာလေးကို ပြောကြားချင်ပါတယ်။”လို့ သတင်းစာရှင်းလင်းပွဲမှာ ထိုသို့ အတိအလင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲဒီရှင်းလင်းပွဲမှာပဲ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက KNU ချမှတ်ထားသည့် နိုင်ငံ ရေးရည်မှန်းချက် (၄)ရပ်ထဲတွင် မြန်မာ့နိုင်ငံရေး၌ လုံးဝ ပါဝင်ခွင့်မရှိသည့် စစ်တပ်ကို တည်ဆောက်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အကောင်အထည် ဖော်ရန်၊ နိုင်ငံသစ်ထူထောင်ရေးအဆင့်တိုင်းတွင် နိုင်ငံတကာပါဝင်သည့် အခန်းကဏ္ဍကို သဘောတူ ပါဝင်စေရန် ဆိုတဲ့အချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားတဲ့ အချက်အလက်များကို (KIC) သတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။

နိဂုံးချုပ် တင်ပြရမည်ဆိုလျှင် အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးရဲ့ သတင်းစာရှင်းလင်းပွဲပါ ပြော ကြားချက်နှင့် နိုင်ငံခြားရေးဌာနတာဝန်ခံနှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရဲ့ ပြောကြားချက်တို့ဟာ အကြောင်းအ ရာပိုင်းနှင့် သဘောထားပေါ်လစီပိုင်းဆိုင်ရာ ရှုထောင့်ကနေပြောရလျှင် (KNU)ကရင်အမျိုးသားအစည်းအရုံးဟာ ယခင် အနေအထားကနေ အခြားသော အနေအထားပုံစံတစ်ခုသို့ ရွေ့လျားလာနေတယ်ဆိုတာ မြင်သာပါတယ်။

အကြောင်းအရာပိုင်းနှင့် သဘောထားပေါ်လစီပိုင်းဆိုင်ရာ ရှုထောင့်ကနေပြောရရင် “တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ စစ်တပ်ရဲ့ အာဏာသိမ်းပိုက်မှုကြောင့် ပျက်ပြယ်သွားပြီ။ (NCA)နဲ့ပတ် သက်ပြီး လိုက်နာစရာမရှိ” ဆိုတဲ့ အနေအထားသို့ ရွေ့သွားပြီဖြစ်ပါတယ်။ ထို့အပြင် KNU က ချမှတ်ထားတဲ့ “နိုင်ငံရေး ရည်မှန်းချက် (၄)ရပ်” ဆိုတာကလည်း ပဒိုစောတောနီး ပြောဆိုထားတဲ့ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ အချက် ၄ချက်” နဲ့ အနှစ်သာရအားဖြင့် တူညီနေတယ် မဟုတ်ပါလား။

သို့ပါ၍ (KNU)ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အရွေ့တစ်ခုကို ရွှေ့လိုက်ပြီဖြစ်ကြောင်း တိုင်းပြည်၊ ပြည်သူနှင့် မဟာမိတ်တွေအကြား ပိုမိုတိကျခိုင်မာ ထင်ရှားရှင်းလင်းစေရန်အလို့ငှာ အထက်တစ်နေရာတွင် ရေးသား ဖော်ပြထားသကဲ့သို့ ဗဟိုကော်မတီ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ သဘောထားပေါ်လစီဆိုင်ရာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ဖို့ လိုအပ်လိမ့်မည်ဟု ယူဆကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။