Home ကဗျာ ရုပ်တုမြင်တိုင်း

ရုပ်တုမြင်တိုင်း

624
Photo: Crd.

ရုပ်တုမြင်တိုင်း
————–

ငါတို့ တစ်မျိုးသားလုံးအတွက်
ခန့်ညားထည်ဝါတဲ့ကြယ်တွေ
အလေးဂရု ပြုအပ်တဲ့ကြယ်တွေ
ကြီးမြတ်တဲ့ ကြယ်တွေ
တန်ဖိုးထား မြတ်နိုးအပ်တဲ့ ကြယ်တွေ
ငါတို့ လူလားမမြောက်ခင်မှာ
ကြွေသွားတာလည်း ရှိတယ်
လူလားမြောက်ပြီးချိန်မှာ
ကြွေသွားတာလည်း ရှိတယ်။

ငါတို့ကြယ်တွေက
အမှန်တရားအတွက်ဆို
လူသားဆန်စွာနဲ့
မျှတစွာ အလင်းရောင်ပေးပေးတယ်။
ဒါကို…
မနာလိုမုန်းထား
အာဃာတများတဲ့ ငနဲသားတွေကြောင့်
ငါတို့ကြယ်…
သက်တမ်းမစေ့ခင်မှာပဲ ကြွေကြရတယ်။

ငါတို့ကြယ်… တော်မဝင်လို့
တောင်စဉ်မှာ ကြွေရတာမဟုတ်
ဘောင်မဝင်တဲ့ လူသူတော်စင်တွေနဲ့
အရောမဝင်ချင်လို့ကို သက်သက်ကိုကြွေတာ။

ငါတို့ကြယ်
ဘယ်လိုနေနေ၊ ဘယ်လိုကြွေကြွေ
လူသားဆန်တဲ့ သူတို့သမိုင်း
ခင်ဗျားတို့အမြင်မှာ ရိုင်းချင်ရိုင်းမယ်
ငါတို့အမြင်မှာတော့
ရုပ်တုမြင်တိုင်း ကိုင်းရှိုင်းတယ်။

ကော်သူးလေကျော်ကျော့
(၇၃)နှစ်မြောက်၊ ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုသည်။
ဩဂုတ် ၁၂ရက်၊ ၂၀၂၃။