ဩဂုတ်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နယ်ခြားစောင့်တပ်(BGF)က ထုတ်ပေးသည့် နံပါတ်ပြား အသစ်ပြောင်းလဲတပ် ဆင်ထားသည့်ကားများ ဖမ်းဆီးမှုမရှိသဖြင့် ပြောင်းလဲတပ်ဆင်ထားသူများလာကြောင်း ကားသမားများက ပြော သည်။
လိုင်စင်မဲ့ကားများဖမ်းဆီးစစ်ဆေးမှုများလာသည့် ဖားအံမြို့တွင် လိုင်စင်မဲ့ကားများအား အသုံးပြုသွားလာနေရ သည့် ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲ ရှိလာသည့်အပေါ် BGF က ပြုလုပ်ပေးသည့် နံပါတ်ပြား အသစ်များကို ပြောင်းလဲတပ်ဆင်ပါက ဖမ်းဆီးမှုမရှိသဖြင့် နံပါတ်ပြားအသစ်ပြောင်းလဲတပ်ဆင်သူများလာ ကြောင်း လိုင်းကားမောင်းသူတစ်ဦးက ပြောသည်။
လိုင်းကားမောင်းသူတစ်ဦးက”ကျနော်က BGFက လုပ်ပေးတဲ့နံပါတ်ပြားကိုသုံးတယ်။ ဖားအံမှာက လိုင်စင်မရှိတဲ့ ကားတွေ ဖမ်းဆီးတာ၊ စစ်ဆေးတာရှိတယ်။ အမြဲသွားလာရတဲ့ ကားသမားတွေဆိုတော့လုပ်ထားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်က ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်များအနေဖြင့် ပြည်နယ်အတွင်း အပစ်ရပ်ထားသည့် နီးစပ်ရာ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထောက်ခံချက်စာများကို ငွေကြေးပေး၍ ပြုလုပ်ထားခြင်းဖြင့် ပြည်နယ်အတွင်း အဖမ်းအဆီးမရှိ သွားလာနိုင်သော်လည်း အာဏာသိမ်းပြီးနောက် ၎င်းထောက်ခံစာများမှာ အသုံးမဝင်တော့ သောကြောင့် ယခုလို နံပါတ်ပြားကို ပြောင်းလဲတပ်ဆင် အသုံးပြုနေရကြောင်းလည်း ဒေသခံများက ပြောဆို သည်။
အလားတူ လိုင်စင်မဲ့ကားကို စိုးရိမ်စိတ်ဖြင့် အသုံးပြုနေရသောကြောင့် ယခုရက်ပိုင်းအတွင်းမှ BGF အဖွဲ့ အစည်းကလုပ်ပေးသည့် နံပါတ်ပြားများတပ်ဆင်အသုံးပြုလိုက်ကြောင်း ကော့ကရိတ်မြို့ ခံတစ်ဦးကလည်း ယခုလိုပြောသည်။
“ကားကလိုင်စင်မရှိတော့ ဖားအံမှာခရီးသွားဖို့ရှိရင်မောင်းသွားမရဲဘူး။ သူများကားပဲငှားရတယ်။ အခုတော့ အဖွဲ့ အစည်းက ထုတ်ပေးတဲ့နံပါတ်ပြားအသစ်ကို တပ်ဆင်ထားတယ်။ (၅၀,၀၀၀)ကျပ်တော့ပေးရတယ်။ မဟုတ် ရင်ကားတော့ရှိတယ်၊ အသုံးပြုလို့မရဘူဖြစ်နေတယ်။”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
သို့သော် အာဏာသိမ်းကာလတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ထုတ်ပေးထားသည့် ကားနံပါတ်ပြားများဖြင့် သွားလာ အသုံးပြုနိုင်သော်လည်း စစ်ကောင်စီ၏ ယာဉ်ထိန်းရဲများအနေဖြင့် ဖမ်းဆီးသိမ်းဆည်းလိုလျှင် သိမ်းယူနိုင်ကြောင်း ဒေသခံ ပြည်သူတချို့က မှတ်ချက်ပြု ပြောဆိုကြသည်။
အလားတူ ကရင်ပြည်နယ်တွင် ဒေသသုံးကုဒ်နံပါတ်ပြားများအပြင် ဝှီးတက်(ဘီးခွန်)၊ လိုင်စင်စာအုပ်၊ စတေကာ (မှန်ကပ်)နှင့် ဘားကုဒ်နံပါတ်များအား အတုပြုလုပ်ပြီး လိုင်စင်ရှိကားသဖွယ် သွားလာမောင်းနှင်အသုံးပြု ရောင်း ဝယ်ကြသည့် လိုင်စင်ပွားကားစျေးကွက်များလည်း ပိုမိုကျယ်ပြန့်လာနေကြောင်း မြဝတီအခြေစိုက် လိုင်စင်မဲ့ကား ရောင်းဝယ်သူများက ကေအိုင်စီသို့ ပြောဆိုထားသည်။



















