Home သတင်း ကရင်ပြည်နယ်ရှိ မြင်းများ ဗီယက်နမ်နိုင်ငံက ဝယ်ယူမှုများသည့်အတွက် စျေးကောင်းရနေ

ကရင်ပြည်နယ်ရှိ မြင်းများ ဗီယက်နမ်နိုင်ငံက ဝယ်ယူမှုများသည့်အတွက် စျေးကောင်းရနေ

1400
Photo: Karen android

ဩဂုတ် ၂၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်တွင် မွေးမြူသည့် မြင်းများအား ဗီယက်နမ်နိုင်ငံက ဝယ်ယူမှုများလာ သည့်အတွက် စျေးကောင်းရရှိနေသည်ဟု မြင်းမွေးမြူသူများထံမှ သိရသည်။

မြင်းပေါက်စ လသားအရွယ်တစ်ကောင်လျှင် ယခင်ကျပ်ငွေ ၆ သိန်းမှ ယခု ၁ဝ သိန်း ကျော်အထိ စျေးနှုန်းရှိပြီး အဆိုပါမြင်းများကို ပြည်ပနိုင်ငံများမှ အလှမွေးမြူရန်အတွက် စျေးကောင်းပေး ဝယ်ယူနေသည့်အပေါ် မြင်းမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိသည်ဟု ဖားအံမြို့ခံ မြင်းမွေးမြူသူများထံမှ သိရသည်။

“ သွားလေးချောင်းပဲထွက်သေးတဲ့ မြင်းတစ်ကောင်ဟာဆိုရင် ၁ဝ သိန်းအထက် အပြိုင် အ ဆိုင် လုဝယ်လာကြတယ်။ ဗီယက်နမ်က နယ်စပ်အထိ ဆင်းဝယ်လာတယ်။ သူတို့က အလှပြန်မွေးဖို့ ပြောတယ်။ မြင်းကို ခုလိုစျေးကောင်းပေးဝယ်တော့ မြင်းမွေးသူတွေလည်း အဆင်ပြေတယ်” ဟု ဖားအံမြို့ မြင်းမွေးမြူသူ စောဖတာက ယမန်နေ့ ဩဂုတ် ၂ဝ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ်နှင့် အိန္ဒုဒေသများတွင် မြင်းကို အလှမွေးအနေဖြင့် အများဆုံးမွေးမြူကြပြီး အဆိုပါ မြင်းများအား ရဟန်းခံ၊ ရှင်ပြု နှင့် အလှူ မင်္ဂလာပွဲများတွင် အလှူရှင်များမှ ငှားရမ်းအသုံးပြုလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ်ရှိ မြင်းများအပြင် မွန်ပြည်နယ်ရှိမြင်းများနှင့် အခြားဒေသမှ မွေးမြူထားသည့်မြင်းများအား စျေးကောင်းပေးကာ အပြိုင်အဆိုင်ဝယ်ယူနေလျက်ရှိပြီး မြန်မာနယ်စပ် ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ပို့ဆောင်စေလျက်ရှိသည်ဟု မြင်းရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မြင်းအား ယခင်က သယ်ယူပို့ဆောင်ရေးနေရာများနှင့် စစ်ဘက် ဆိုင်ရာနေရာများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပြီး စက်ယန္တရားယာဉ်များ အသုံးပြုမှုများလာပြီးနောက်ပိုင်းတွင် မြင်းမွေးမြူမှု နည်းပါးလာကြောင်း၊ မြင်းဝါ သနာ ရှင်များအနေဖြင့် အလှပြရန်မွေးမြူခြင်းနှင့် ရဟန်းခံရှင်ပြုအလှူပွဲများတွင် အလှပြ ဖျော်ဖြေခြင်းများတွင်သာ အသုံးပြုလာလျက်ရှိကြောင်း မြင်းမွေးမြူသူများက ပြောသည်။