ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ ကျေးရွာတချို့တွင် ယခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် သွားရေးလာရေး အခက်ခဲများ ကြီးမားစွာကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ဝင်းရော်ဒေသ တောင်ဒီးကျေးရွာအပါအဝင် ၎င်းအနီးအရှိ ကျေးရွာတချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ် နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ချောင်းနဲ့နီးတဲ့ သူတွေက ပိုပြီးတော့ ခက်ခဲတယ်။ မိုးတအားရွာပြီး ရေတအားကြီးတော့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေရှိတယ်။ ပြီးတော့ ဖုန်းလိုင်းတွေကလည်းရတချက် မရတစ်ချက်ပဲ။ အနီး အနားရွာတွေမှာလည်း ရေက သိပ်မကြီးပေမဲ့ မိုးကဆက်တိုက်ရွာတော့ သွားလာရေးအခက်အခဲဖြစ်ရတယ်။” ဟု ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နေရာများမှာ တောင်ဒီးကျေးရွာအပြင် တညင်၊ ဝင်းခန၊ ကျော်ဘီလူး၊ ထီမံထို၊ တောင်စွန်း၊ ထီးနန်းရှီး၊ ထီးဖိုနိုင်း၊ ကျုံခဝန်၊ ဖားပြ၊ လှာကဒါ၊ လိုင်ကနီကျေးရွာများ ပါဝင်ပြီး ၎င်းကျေးရွာများထဲမှ ချောင်းနှင့်နီးစပ်သည့် နေရာများတွင် ရေကြီးမှု အများဆုံးနှင့်အဆိုးဝါးဆုံး ဖြစ်ပေါ်နေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
ထို့အပြင် ဒေသခံများအနေဖြင့် ရေကြီးမှုကြောင့် သွားလာရေးအခက်အခဲများစွာရှိနေသည့်အပြင် ကျန်းမာရေး အခြေအနေအရ ဆေးခန်းသွားရောက်ပြသရာတွင်လည်း လမ်းခရီးတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက တင်းကြပ်စွာ စစ်ဆေးမှုများကြောင့် ထပ်မံအခက်တွေ့နေရကြောင်း ၎င်းဒေသရှိ ဒေသခံများက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း “ဒီနှစ်ရေတအားကြီးတော့ ကျန်းမာရေးဘက်ကရော အခက်အခဲတွေရှိတယ်။ အချိန်မီဆေးရုံမပို့ နိုင်တာရယ်။ ပြီးတော့မြို့သွားဖို့ကလည်း စစ်ဆေးမှုတွေ တအားများတယ် မုဒုံနဲ့မော်လမြိုင်မှာ။ ဆေးရုံအချိန်မီမပို့နိုင်လို့ ရွာက မိန်းကလေးတစ်ယောက်ဆုံးသွားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား စစ်ရေး တင်းမာနေသည့် ၎င်းဒေသတွင် လတ်တလော ရေကြီးရေလျှံများဖြစ်ပွားသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။



















