Home သတင်း လမ်းများဖြတ်တောက်ခံရသည့် ကော့ကရိတ်တောင်ပိုင်းဒေသရှိ ဈေးဆိုင်ဖွင့်သူများ ကုန်ပစ္စည်းပြတ်လပ်မည့်အရေး ရင်ဆိုင်နေရ

လမ်းများဖြတ်တောက်ခံရသည့် ကော့ကရိတ်တောင်ပိုင်းဒေသရှိ ဈေးဆိုင်ဖွင့်သူများ ကုန်ပစ္စည်းပြတ်လပ်မည့်အရေး ရင်ဆိုင်နေရ

656

ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြို့အဝင်လမ်းများ ဖျက်ဆီးဖြတ်တောက်ခြင်းခံထားရသည့် ကော့ကရိတ်မြို့တောင်ပိုင်းဒေသရှိ ကျေး ရွာများမှ တစ်ပိုင်တစ်နိုင်ဈေးဆိုင်ဖွင့်သူများသည် ယခုလို မိုးရာသီကာလတွင် ကုန်ပစ္စည်းများဝယ်ယူရန် ခက်ခဲလာသောကြောင့် စျေးဆိုင်တွင် ကုန်ပစ္စည်းများ ပြတ်လပ်မည့်အရေး ရင်ဆိုင်နေရကြောင်း သိရ သည်။

ပြီးခဲ့သည့် မေလတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင်လမ်းများအားလုံး ဖျက်ဆီးလိုက်၍ မိုးမကျခင်ကာလ ရွာပတ်လမ်းမှ သွားလာ၍ရသေးသော်လည်း ယခုလို မိုးရာသီတွင် လမ်းများပျက်စီး၍ ကော့ကရိတ်မြို့သို့ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူ၍ မလွယ်ကူတော့ကြောင်း ကျေးရွာဈေးဆိုင်ဖွင့်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”စစ်ကောင်စီတပ်က မြို့အဝင်လမ်းအားလုံးဖျက်ဆီးလိုက်တယ်။ နွေရာသီမှာတော့ တစ်ခြား ကျေးရွာကနေပတ်ပြီးသွားလိုရသေးတယ်။ မိုးတွင်းရောက်တော့ လမ်းတွေပျက်တယ်။ ချောင်းတွေလည်းကြီးတော့ သွားလာလို့မလွယ်ဘူး။ လမ်းအဆင်မ‌ပြေတော့ဆိုင်မှာ ပစ္စည်းတွေတောင်မရှိတော့ဘူး”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကုန်ပစ္စည်းများ အဆမတန်ဈေးနှုန်းများမြင့်တက်ကာ သယ်ယူ ပို့ဆောင် ရေးကုန်ကျစရိတ်လည်းများပြားလာသဖြင့် အမြတ်ငွေကျန်အောင်အနိုင်နိုင် ပြန်လည် ရောင်းချနေရကြောင်း အခြားဈေးဆိုင်ဖွင့်ထားသူတစ်ဦးကလည်း ပြောသည်။

“ကားနဲ့သွားလို့မရတော့ လှေနဲ့ပစ္စည်းတွေသွားဝယ်ရတယ်။ လှေခကလည်း ကုန်ပစ္စည်းတန်ဘိုး တစ်သိန်းကျတယ်ဆို ၅၀၀၀ ပေးရတယ်။ အခုကုန်ဈေးနှုန်းက အားလုံးတက်နေတယ်။ အခြား အလုပ်မရှိလို့ ဒီအလုပ်ပဲ အမြတ်ကျန်အောင် ရောင်းစားနေရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းများအသီးသီးမြင့်တက်ကာ ဝင်ငွေများမရှိသဖြင့် အရေးကြီးလိုအပ်သည့် စားသောက်ကုန်များသာ ဝယ်ယူစားသောက်နေ‌ကြရကြောင်း ကော့ကရိတ်တောင်ပိုင်းဒေသရှိ ဒေသခံများက ပြောသည်။

ယခုလို ကုန်ဈေးနှုန်းများတက်သည့်အပြင် သွားရေးလာရေးနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲနှင့် ကုန်ကျမှုများပြားသောကြောင့် ဒေသခံများသည် စားနပ်ရိက္ခာအကြပ်အတည်းများနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလလယ်တွင် ကော့ကရိတ်မြို့အဝင်လမ်းရှိ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်း၊ ရွာသစ်လမ်းနှင့် တောင်ကြာအင်းလမ်းများကို စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက်ဖြင့် ဖျက်ဆီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။