ဩဂုတ်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မကြာသေးခင်က လက်လွတ်ဆုံးရှုံးလိုက်ရသော မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဘုရားကုန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များပူးပေါင်းကာ လက်နက်ကြီး အဆမတန်ပစ်ခတ်ပြီး ပြန်လည်တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည်ဟု KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ပိုင်မှစ၍ ယနေ့ ဩဂုတ်လ ၈ ရက်၊ ညနေပိုင်းအထိ စစ်တပ်လက်နက်ကြီး ပစ်ခတ်နေရာ ၅ ခုမှနေ၍ ဖျက်အားပြင်း ၁၂၀ မမ ဟောင်ဝှစ်ဇာ အမြှောက်လေကွဲ ဗုံးသီးများအပါအဝင် လက်နက်ကြီး မျိုးစုံနှင့် လက်ခတ်တောင်ဘုရားကုန်းဘက်ကို ပစ်ခတ်နေသလို မြေပြင် ၃ နေရာခန့်တွင်လည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်တပ် နဲ့ BGF တွေ စစ်ကြောင်းတွေခွဲပြီး တုံးတံတား၊ ကျောက်လုံးကြီး၊ မေတ္တာလင်းမြိုင်နဲ့ လက်ခတ် တောင်ခြေနေရာတွေကနေ လမ်းကြောင်းခွဲပြီး တက်တိုက်တယ်။ သူတို့ လက်နက်ကြီးက လေကွဲ ဗုံးသီး တွေသုံးပြီး ပစ်ထုတ်ပေးနေတယ်။ တစ်နေကုန်ပစ်ထုတ်နေတယ် လက်နက်ကြီးတွေ၊ အလုံးရေ ၁၅၀ ကျော်ပြီ။ လက်ခတ်တောင်ကို မရရအောင် ပြန်သိမ်းရမယ်လို့တော့ စစ်တပ်ဘက်က BGF ကိုအမိန့် ပေးထားတယ်လို့ သိရတယ် ”ဟု ၎င်း KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
လတ်တလော နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဘက်က ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရထားမှုအပြင် စစ်ကြောင်းစွန့်ခွာထွက်ပြေးသူများရှိနေသည်ဟုလည်း BGF တပ်ဖွဲ့နှင့် နီးစပ် သည့် သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။
သို့သော် မြဝတီမြို့အနီး လက်ခတ်တောင်ဘုရားကုန်းတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဘက် ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအ တည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိ KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးဒေသ ဘက်များတွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ နှစ် ဖက်တိုက်ပွဲများ ဆက်ဖြစ်နေခြင်း၊ စစ်တပ်က စစ်ရေးတင်းမာပြီးကျေးရွာများဘက်လက်နက်ကြီး ပစ် ခတ်မှုများရှိနေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံ စစ်ဘေး၊ ရေဘေးရှောင် နေရသူများပြောစကားအရ သိရသည်။



















