ဩဂုတ် ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တွင် ယခုရက်ပိုင်း သောင်ရင်းမြစ်ရေတိုးခြင်းနှင့် မြို့တွင်းမြောင်းရေလျှံနေသောကြောင့် လက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်ရှိ ဒေသခံ ၃,၀၀၀ ကျော် ရေဘေးရှောင်ယာယီစခန်းများတွင် ခိုလှုံနေထိုင်နေရသည်ဟု အရပ်ဖက် အကူအညီပေးနေသူများ ပြောဆိုချက်အရ သိရသည်။
ဇူလိုင်လ ၃၁ ရက်က စတင်ရွာသွန်းနေသည့် မိုးရက်ရှည် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ တိုးလာခြင်း၊ မြဝတီမြို့အထွက် တောင်ကုန်းတောင်ကျရေ စီးဝင်ခြင်း၊ မြို့တွင်း ရေနုတ်မြောင်းများ၊ မြောင်း ရေလျှံခြင်းများကြောင့် မြို့ပေါ်ရပ်ကွက်များ၊ လမ်းမကြီးများအပြင် အာရှလမ်းမကြီးနှင့် မြစန္ဒီကားဝင်းအထိ ရေကြီးရေးလွှမ်းမှု ဆက်လက် ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “ရေကြီးနေတာ ၄ ရက်လောက်ရှိလာပြီ အခုရပ်ကွက် အနိမ့်ပိုင်းတွေ အကုန်နေမရတော့ဘူး။ ရေဘေး စခန်းတွေ တက်နေနေရပြီ။ ပြီးခဲ့တဲ့ ၄ ရက်နေ့က စာရင်းအရဆို ၁၅၀၀ လောက်ရှိတယ်၊ အခုဒီနေ့ဆိုရင် ၃၀၀၀ ဝန်းကျင်ရှိလာပြီ၊ ကလေးတွေ၊ လူကြီးတွေဖျားကြတယ်၊ စားစရာကတော့ စုချက်စားတာလည်း ရှိတယ်။ သူများ လာဝေပေးတာ စားကြတာလည်း ရှိတယ်။ မိုးကတော့ ဆက်ရွာနေသလို လမ်းတွေ၊ အိမ်တွေလည်း ရေတိုးလို့ မြှုပ် နေပြီ”ဟု မြဝတီအမှတ် ၁ ရပ်ကွက် သောင်ရင်းမြစ်ဘေးနေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိ အမှတ် ၅ ရပ်ကွက်၊ အမှတ်၄ ရက်ကွက်၊ အမှတ်၂ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းဆောင်များတွင် ယာယီရေဘေးရှောင်စခန်း ၆ နေရာ ဖွင့်လှစ်ထားပြီး မြဝတီ မြို့ စစ် ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် မြို့ခံပရဟိတအဖွဲ့များ၊ တစ်ပိုင်တစ်နိုင် အလှူရှင်များမှ ကူညီပေးနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်း မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ရေဘေးရှောင်သူများက ပြောသည်။

“ရေဘေးတွေကိုတော့ ထွေအုပ်ဘက်က ရိက္ခာချပေးတာရှိတယ်။ အလှူရှင်တွေ ထမင်းဗူးတွေပေးတာ ရှိတယ် ။ အိမ်ထောင်စုစာရင်း ကောက်တာရှိတယ်။ ရေဘေးရှောင် စာရင်းအတိအကျတော့ မရသေးဘူး။ မိုးရွာကြီးထဲ ဟို ပြောင်း ဒီပြောင်း နေနေကြရတယ်၊ နေရာမလုံလောက်တာ၊ အခင်းတွေ မရှိတာ၊ ကလေးတွေဖျားနေတာတွေ ရှိ တယ်။”ဟု ကြခတ်တော ဘုန်းကြီးကျောင်းတွင် ရောက်နေသည့် ရေဘေးရှောင်နေသူတစ်ဦးက ပြောသည်။
ယနေ့ ဩဂုတ်လ ၇ ရက်အထိ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်သောကြောင့် သောင်ရင်းမြစ်၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲချောင်းများ တောင်ကျရေတိုးဝင်လာမှု မြင့်တက်နေသည့်အတွက် မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ လှိုင်းဘွဲ၊ ဖားအံနှင့် ရွှေဂွန်း ၊ ကမမောင်း၊ မြိုင်ကြီးငူဒေသဘက်အထိ ရေကြေီး၊ ရေလွှမ်းမှုများ မြင့်တက်လာနေကြောင်း သိရှိရသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် တစ်လျှောက်ရှိ၊ မဲဆောက်မြို့၊ မဲ့ရမတ်၊ ဖုတ်ဖရ မြို့နယ်များနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်အခြမ်း လူနေကျေးရွာနှင့် ရပ်ကွက်များ၊ ရေကြီးရေလွှမ်းမှုများရှိနေကြောင်း သောင်ရင်းမြစ်ဘေး နေထိုင်ကြသည့် ရေဘေးရှောင်နေရသူများပြောစကားအရ သိရသည်။



















