သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်စျေးနှုန်းအဆမတန်မြင့်တက် သည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ဆန်ရှားပါးပြီး ဝယ်ယူ၍မရသောကြောင့် မြို့နေ ဒေသခံပြည်သူ တစ်ချို့ ဆန်ပြုတ်စားနေရသည့် အခြေအနေအထိ ရောက်ရှိလာကြောင်း ဖာပွန်မြို့ခံများက ပြောသည်။
ယခုသြဂုတ်လမှစ၍ ဖာပွန်မြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ၂ သိန်းကျပ်အထိရှိလာပြီး သယ်ယူပို့ ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပြီးခဲ့သည့် မေလမှစ၍ နယ်ခြား စောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ထားသောကြောင့် အခြေခံစား သောက်ကုန် များကိုလည်း ဝယ်ယူ၍မရသည့်အပြင် တောင်ယာစပါးခင်းများကလည်း တိုက်ပွဲများကြောင့် လုပ်ကိုင် ၍မရကြကြောင်း ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “အခုဆန်က တအားဒုက္ခရောက်နေပြီး။ ပေါ်ဆန်းမွှေးနည်းနည်း ကောင်းတဲ့ဆန်တွေဆိုရင် တစ်ပြည်ကို သုံးသောင်းဖြစ်သွားပြီး။ ရှေ့ဆက်ဆိုရင် လယ်လည်းမလုပ်ရတော့ ပိုပြီးဒုက္ခ ရောက်ကြ မယ်။ ဒီမှာဆန်ပြုတ်စားရတဲ့လူတွေ အများကြီးရှိနေတယ်။ အခုက ကုန်းလမ်းလည်းမရဘူး။ ရေလမ်း ဆိုလည်း စက်လှေတစ်စီးတက်ဖို့မရှိဘူး။ ဆီဆိုလည်း တစ်အားစျေးကြီးတယ်။ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့် အကုန်လုံးတစ်ခုမှ အဝင်မရှိတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့်လပိုင်းက အခြေခံစားနပ်ရိက္ခာသယ်ယူနိုင်သည့် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် တပိုင် တနိုင်သယ်ယူရရှိနိုင်သော်လည်း လက်ရှိတွင် အခြေခံစားသောက်ကုန်လမ်းကြောင်းကို ဖြတ်တောက် မှုကာလကြာမြင့်လာသည်နှင့်အမျှ ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။
ထို့အပြင် ဖာပွန်မြို့ရှိ ကျေးရွာများအတွင်းမှ အချို့သောအခြေခံလူတန်စားများနှင့် နေ့စား အလုပ်သမားများက ကျေးရွာအတွင်း ဆန်ရှိသည့်လူများထံမှ ခွဲဝေစားသောက်နေရကြောင်း အဆိုပါ ဖာပွန်မြို့ခံက ယခုလို ဖြည့်စွက်ပြောသည်။
“တချို့လူတွေဆန်ဝယ်မရလို့ ကျမအိမ်ကို နေ့တိုင်းလာကြတယ်။ တစ်ယောက်လာရင် တစ်ပြည်လေးခွဲ ပေးပါအုံး။ ၁၂ နာရီထိုးနေပြီး ထမင်းမချက်ရသေးဘူး။ အမျိုးမျိုးပဲ ဒုက္ခရောက်နေကြတယ်။ ကျမလည်း ဆန်ရှိတုန်းက တစ်ယောက်လာရင် တစ်ပြည်တစ်ပြည်ခွဲပေးတယ်။ ဘယ်မှာမှ ရှာဝယ်မရတော့ ကျမလည်း ခွဲပေးလို့မရတော့ဘူး”ဟု ၎င်းက ပြောသည်။
ဖာပွန်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်နေသကဲ့သို့ အခြားသော ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ မြဝတီနှင့် ကော့ကရိတ်စသည့် မြို့များတွင်လည်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။



















