Home သတင်း ကော့ကရိတ်မြို့အနီး ပတ်ဝန်းကျင် တိုက်ပွဲများကြောင့် မြို့တွင်း၊ မြို့ပြင်ဒေသခံများ လူမှုစီးပွားပိုမိုခက်ခဲလာနေ

ကော့ကရိတ်မြို့အနီး ပတ်ဝန်းကျင် တိုက်ပွဲများကြောင့် မြို့တွင်း၊ မြို့ပြင်ဒေသခံများ လူမှုစီးပွားပိုမိုခက်ခဲလာနေ

952
Photo: Crd.

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကျေးရွာများဘက်နှင့် မြို့ဝင်မြို့အထွက် နေရာများတွင် နေ့စဥ် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံကျေးရွာသားများနှင့် ရပ်ကွက်သား အောက်ခြေလူတန်းစားများ လူမှုစီးပွားဘဝများ ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

ကော့ကရိတ်မြို့ ချောင်းတောင်၊ ခနိမ်းမူ၊ တတန်ကူး၊ ရွာသစ်ကုန်း၊ ကော့နွဲ၊ တံတားဦး၊ ကမိုင်ကုန်း၊ ကြောင်လျှာကုန်း၊ ရန်ကုတ်၊ ကောင်းမှုကျေးရွာ နေထိုင်သူ ဒေသခံများ အနေဖြင့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက် တိုက်ခိုက်မှုနေ့စဥ် ဖြစ်ပွားနေသည့် အတွက် လူမှုစီးပွားဘဝများ ပိုပြီးခက်ခဲလာနေကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။

၎င်းက “ကော့ကရိတ်က နေ့တိုင်း ပစ်ခတ်သံကြားနေရတဲ့မြို့ ဖြစ်နေပြီ။ အဲ့ဒီကြားထဲကပဲ လုပ်ကိုင်စားသောက်ဖို့ တိုက်ပွဲသံနားစွင့်ပြီး သွားလာနေကြရတယ်။ ရရာလုပ်ရင်လုပ်၊ မလုပ်ရင် ဘုန်းကြီးကျောင်းဘက်ရှောင်နေ တာမျိုး ပဲရှိတော့တယ်။ မြို့ထဲမှာ လူလတ်တန်းစားတွေ ဖားအံဆင်းပြီးပြောင်းနေတာတို့၊ မိဘတွေ၊ သားသမီးတွေကို မော် လမြိုင်ဘက် ပို့ထား၊ ရန်ကုန်ဘက်ပြောင်းနေအဲ့လိုဖြစ်နေပြီ။ အောက်ခြေလူတန်းစားကတော့ ဘယ်လိုမှ ထမင်း နပ် မမှန်တော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

လတ်တလောတွင် ကော့ကရိတ် အာရှလမ်းမသစ်နှင့် ဒေါနတောင်လမ်းဟောင်းလမ်းပိုင်းများဘက်တွင် မြဝတီ၊ ဖားအံ၊ ရန်ကုန်အသွားအလာလမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ယာဥ်ကျောပိတ်ဆို့မှုများအကြားတွင် မုန့်ပဲ သရေစာရောင်းချခြင်းနှင့် ဆိုင်ကယ်ကယ်ရီဆွဲခြင်း၊ ကုန်စည်ကားပစ္စည်း အသယ်အပြောင်းကုန်ထမ်းခြင်းများအား နယ်မြေမအေးချမ်းသည့်အကြားမှာပင် လုပ်ကိုင်နေထိုင်စားသောက်မှုကို လုပ်ဆောင်နေကြရသူ ပိုများ လာကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

ကော့ကရိတ် ခနိမ်းမူ ရပ်ကွက်သားတစ်ဦးကလည်း “အခုကပစ်တာကတော့ တိုက်ပွဲသံအလုံးကြီးသံက နေတိုင်းပဲ ကြားနေရတာ၊ အဲ့ဒီကြားထဲကပဲ ဆိုင်ကယ်ဆွဲစား၊ ကုန်ကားကြီးတွေကားချိန်း၊ ကုန်ချိန်းရင်ကုန်ဝင်ထမ်း၊ မိန်းမတွေကလေးတွေက ရေသန့်အအေး၊ မုန့်ခြောက်တွေ ယာဥ်တန်းပိတ်ရင် စျေးရောင်းပေါ့။ တခြား အလုပ် တွေတော့ လုပ်စရာမရှိဘူး။ ကော့ကရိတ်မှာက စက်ရုံ၊ အလုပ်ရုံ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေ အကုန်ရပ်နေပြီ လေ”ဟု ပြောသည်။

လက်ရှိတွင် ကော့ကရိတ်မြောက်ပိုင်း ကောင်းမှုရွာဘက်နှင့် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းသစ် ကော့နွဲ၊ တောနော်ကွေ့နေရာများဘက်တွင် စစ်ကောင်စီတပ် နှင့် KNLA ပူးပေါင်းအဖွဲ့များ ပြောက်ကျားပစ်ခတ်မှုအချို့ ဆက်ရှိနေပြီး မြေပြိုကျထားသည့် နေရာအား ယာယီဘေလီသံဘောင်တံတား ဖြတ်သန်းသွားလာခွင့်အား အိမ်စီးကားသေးများသာ သွားလာခွင့် ပြုထားကြောင်း နယ်မြေတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

Photo: Crd.