ဩဂုတ် ၂၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (KNU ဝင်းရေးမြို့နယ်) ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသည့် ရဲ၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့သည် ၎င်းတို့ တပ်စွဲထားရာစခန်းမှ ဆုတ်ခွာရန် အထက်ကို တင်ပြထားသော်လည်း ခွင့်ပြုချက်မရ၍ အချင်းချင်းသဘောထားတင်းမာ မှုများရှိလာသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါရဲစခန်းဝင်းတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီပူးပေါင်းတပ်များအနေဖြင့် စခန်းဝင်းအတွင်းမှ ဆုတ်ခွာစေလိုပြီး အခြားနယ်ပယ်ဒေသသို့ ပြောင်းရွှေ့ခွင့်ပြုရန် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ကြားအင်းဆိပ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ ထံတွင် တင်ပြထားသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။
၎င်းက “ ရဲစခန်းမှာ သူတို့မနေချင်ကြတော့ဘူး။ ဖြစ်နိုင်ရင် သူတို့တပ်ဆုတ်ခွာပြီး အခြား တစ်နေရာကို ပြောင်းသွားချင်တာပါ။ အပြီးပိုင်ထွက်သွားချင်တယ်ပေါ့နော်။ အဲ့မှာ သူတို့ နေရာတာလည်း နယ်မြေလည်း မစိုးမိုးနိုင်သလို လုံခြုံမှုလည်းမရှိဘူး။ သူတို့ပြောင်း ရွှေ့ခွင့်တင်ထားတာ အထက်ကခွင့်ပြုချက်မရတော့ သူတို့အချင်းချင်း သဘောထား တင်းမာလာမှုတွေရှိတယ်” ဟု ဩဂုတ်လ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
တံခွန်တိုင်ရဲစခန်းတွင် စစ်ကောင်စီရဲတပ်ဖွဲ့၊ BGF အမှတ် ၁ဝ၂၁ တပ်ရင်း ၊ ခြေလျင် တပ်ရင်း-ခလရ အမှတ် ၃၂၊ ၂၈၃၊ ၂၈၄ နှင့် ဗျူဟာတပ်ရင်းတို့ ပူးပေါင်း တပ်စွဲထားခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
၎င်းစခန်းတွင်းသို့ အင်အား၊ ရိက္ခာ၊ ခဲယမ်းများ ဖြည့်ဆည်းနိုင်ရန် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က စစ်ကူစစ်ကြောင်းတပ်ဖွဲ့မှ အဆိုပါ စခန်းအနီး ခလယ်-ပုလိန်ရွာ အနီးသို့ ချဉ်းကပ် စစ်ကြောင်းထိုးလာရာတွင် KNLA -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများသည့်အတွက် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။
ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုနှင့် တောင်ညိုတောင်ခြေဧရိယာများတွင် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် တံခွန်တိုင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်အနေဖြင့် ၎င်းတို့စားနပ်ရိက္ခာအတွက် ကျေးရွာဒေသခံများနှင့် လယ်၊ ဥယျာဉ်ခြံ လုပ်ကိုင်နေသူများအား ပြန်ပေးဆွဲသဘောဖြင့် ဖမ်းဆီးပြီး ရိက္ခာပစ္စည်းများဖြင့် လဲလှယ် ပို့ဆောင်လာပြီးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးလေ့ရှိသည်ဟု ဝင်းရော်ဒေသ ခံများထံမှ သိရသည်။
“ ရာဘာခြံသွားရင်း လမ်းမှာဖမ်းခံထိတယ်။ ကျနော်သူငယ်ချင်းကိုခေါ်ထားပြီး ကျနော် ကို တော့ ရိက္ခာသွားဝယ်ခိုင်းတယ်။ ရိက္ခာရလာမှ ပြန်လွတ်တယ်ပေါ့နော်။ သူတို့စခန်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရော တွေ့ရတယ်။ သူတို့တွေ ရိက္ခာပြတ် လပ်နေတဲ့ သဘော မြင်မိတယ်။ အစာရေစာတွေ မရကြဘူး။ သူတို့အဲ့ နေရာမှာမနေချင်ကြ တော့ဘူး။ စစ်ကောင်စီက သူလက်အောက်ငယ်သားတွေကို အသေခံထားပြီး သူတို့က လုံခြုံတဲ့နေရာနေကြတော့ တပ်သားတွေလည်း ရွှေ့ပြောင်းနေချင်ကြတာပေါ့နော်” ဟု စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
တံခွန်တိုင်ရဲစခန်းတွင် စစ်ကောင်စီပူးပေါင်းတပ်များအနေဖြင့် တပ်ဆုတ်ခွာစေလိုခြင်း၊ အခြားအစုအဖွဲ့များထံတွင် ပူးပေါင်းစေလိုခြင်းစသည့် အချင်းချင်းကြား သဘောထားတင်းမာမှုရှိသော်လည်း အဆိုပါတပ်ကို ဦးဆောင်သည့်စစ်တပ် အရာရှိအချို့မှ ၎င်းတို့၏ ရာထူးအာဏာအပေါ် လက်အောက်ငယ်များအား ထွက်ခွာစေခြင်းမပြုဘဲ ထိန်းချုပ်ထားလျက်ရှိသည်ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။



















