Home သတင်း ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာ

ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာ

1701

သြဂုတ်လ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေရှိ ကော်ဘရာစစ် ကြောင်းထံသို့ စစ်ကောင်စီတပ်ဘက်မှ ဒု-တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံဝင်ရောက်လာကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်မ−၄၄လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၁၁၈) မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင်နှင့် တပ်သား အောင်မျိုးဇော်တို့နှစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်း ၍ စစ်ကောင်စီတပ်များကို ပြန်လည်တိုက်ခိုက်သွားရန် လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းဝင်ရောက်လာခဲ့ခြင်းဖြစ် သည်ဟု ကေအဲန်ယူဗဟို၏ ဖော်ပြချက်အရ သိရသည်။

ထိုဘက်ပြောင်းဝင်ရောက်လာသည့် ဒု-တပ်ကြပ် နှင့် တပ်သားတစ်ဦးတို့တွင် ၆၀မမ၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ ၆၀ မမကျည် ၅ လုံး၊ MA−၂ (၁)လက်၊ ကျည်ဘောက် (၅)ဘောက်နှင့် MA−၂ ကျည်(၁၅၀)တောင့်နှင့်အတူ ယူဆောင်လာပြီး KNLA ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှလည်း ၎င်းတို့ကို တစ်ဦးလျှင် ဘတ်ငွေ ၅ သောင်းဖြင့် ချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် KNLA တပ်ဘက်သို့လက်နက်ချ ဘက်ပြောင်းဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဘက်မှ သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာခြင်းမရှိကြောင်း တွေ့ရသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအသီးသီး၌ စစ်ကောင်စီတပ်ဘက်မှ တော်လှန်ရေး ပူးပေါင်းတပ်ဘက်သို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာမှုမှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပျက်ပြားခြင်းကြောင့် ယခုလို ဘက်ပြောင်းလာရခြင်းဖြစ်ကြောင်း CDM ပြုလုပ်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်ဟောင်း များက ဆိုသည်။

အလားတူ လတ်တလောတွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းယူထားသည့် စစ်ကောင်စီအတွက် အရေးပါသည့် မြဝတီ မြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီဘက်မှ ပြန်လည်ရရှိရန်အတွက် တပ်အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်မှုများနှင့်အတူ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကေအဲန်ယူဗဟို၏ ဖော်ပြချက်အရသိရသည်။