Home ဆောင်းပါး မပေါ့ဆသင့်တဲ့ ရာသီတုပ်ကွေး

မပေါ့ဆသင့်တဲ့ ရာသီတုပ်ကွေး

544

မပေါ့ဆသင့်တဲ့ ရာသီတုပ်ကွေး

ရောင်နီ

(ဩဂုတ် ၂ရက်၊ ၂၀၂၃)

မိုးရာသီရောက်ပြီဆိုတာနဲ့ မိုးရာသီမှာဖြစ်ပွားလေ့ရှိတဲ့ တုပ်ကွေးရောဂါတွေဟာ လူကြီး၊လူငယ် အသက်အရွယ်မရွေး ဖြစ်တတ်ကြပါတယ်။ တုပ်ကွေးအမျိုးအစားတွေထဲကမှ ရာသီတုပ်ကွေးဖြစ်လာပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

ရာသီတုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တတ်ပါတယ်။ လူကောင်း ပကတိကနေ ရုတ်တရက် ကိုယ်လက် မအီမသာဖြစ်မယ်။ အာခေါင်တွေပူလာပြီး ချမ်းစိမ့်စိမ့်နဲ့ ကိုယ်လက်လေးလံ ကိုက်ခဲပြီး နေထိုင်မကောင်း ဖြစ်တတ်တာမျိုးပါ။

ရောဂါလက္ခဏာတွေကတော့ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတွေကို အချိန်မီမကုသဘဲ ပေါ့ဆရင် ပြင်းထန်လာနိုင်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်‌တွေ၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ အထူးဂရုစိုက် ကုသဖို့ လိုအပ်ပါတယ်။

“ဒီနှစ်ရဲ့ ရာသီတုပ်ကွေးဟာ အရင်နှစ်ထက် ကူးစက်နှုန်းမြန်ဆန်သလို ပြင်းထန်တယ်လို့ ယူဆပါတယ်။ တစ်ကမ္ဘာလုံး နီးပါးမှာ ဒီနှစ်တုပ်ကွေးက ပိုပြင်းထန်တယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အပြင်းထန်ဆုံးတုပ်ကွေးဖြစ်တယ်။”လို့ US CDC က ခန့်မှန်းထားပါတယ်။ တုပ်ကွေးပိုးကိုက ပြင်းထန်လာတာလား၊ ကိုဗစ်နဲ့ပေါင်းပြီး စူပါဗိုင်းရပ်စ်ဖြစ်လာတာ လားဆိုတာတော့ သေချာမပြောတတ်သေးပေမဲ့ တော်တော်လေး ပြင်းထန်ပါတယ်။

ပုံမှန်လို ငွေ့ငွေ့ဖျားတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်မားတယ်။ ချောင်းဆိုးတယ်။ အထူးသဖြင့် ခလေးတွေမှာ ပိုဆိုး တယ်။ အဆုတ်ရောင်တဲ့အထိ ဖြစ်တယ်။ နှုံးချိနေအောင် ကိုယ်တွေလက်တွေ ကိုက်တယ်။ တုပ်ကွေးကြောင့် ခံစားရ တဲ့ဝေဒနာကိုမှ ပိုပြင်းထန်ခံစားရတာမျိုးဖြစ်တယ်။ နဂိုရောဂါအခံရှိတဲ့သူတွေဆို နဂိုရောဂါကို ပိုဆိုးလာစေတယ်။ ဆီးချိုသမားဆို ဆီးချိုပိုတက်လာမယ်။ နှလုံးရောဂါသမားဆို နှလုံးရောဂါဒဏ်ကို ပိုခံစားရတတ်တယ်။ တစ်ပတ်ထက် ပိုဖျားတာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုမ၀တော့တဲ့အထိဖြစ်တာ၊ နှုံးချိတာ၊ အစားမဝင်တော့ဘဲ နှုံးခွေတာမျိုးဆို သတိထားရပါတော့မယ်။

ရာသီတုပ်ကွေးဟာ တနှစ်နဲ့တနှစ် ဗိုင်းရပ်စ်မတူဘဲ နှစ်တိုင်း ပြောင်းလဲနေတာမို့ တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ် ထိုးထားရုံနဲ့ မလုံလောက်ပါဘူး။ နှစ်တိုင်း ပြန်ထိုးသင့်ပါတယ်။ အထူးသဖြင့် ၅နှစ်အောက်ကလေးတွေ၊ အသက် ၆၀အ ထက် လူကြီးတွေနဲ့ မူလ ရောဂါအခံရှိသူတွေကတော့ (ငွေကြေးအားဖြင့် လက်လှမ်းမှီတယ်ဆိုရင်) တုပ်ကွေးကာကွယ် ဆေး ထိုးသင့်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင်ကော တုပ်ကွေးဖြစ်နိုင်သေးလားဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ဝေဒနာ တွေ မခံစားရတော့ပါဘူး။ ကိုဗစ်ကာကွယ်ဆေး ထိုးထားတယ်ဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေးနဲ့ တစ်ပတ်လောက် ခြားပြီးတော့မှ တုပ်ကွေးကာကွယ်ဆေး ထပ်ထိုးရပါတယ်။

တုပ်ကွေးဖြစ်ပြီးမှ ကာကွယ်ဆေးထိုးရင်ရောရလားလို့ မေးလာရင် ကာကွယ်ဆေးထိုးလိုက်ခြင်းဖြင့် နောက်တစ်ခေါက် ထပ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ ပြောရမှာပါ။

တုပ်ကွေးဖြစ်လို့ ဖျားနေတယ်ဆို အိမ်မှာ အနားယူပါ။ ကလေးတွေဖျားနေတယ်ဆိုရင် ကျောင်းမပို့ပါနဲ့။ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေးတွေ သောက်လို့ရပါတယ်။ ရေဓာတ်ပြည့်၀အောင်နေဖို့ လိုအပ်ပါတယ်။

ဝမ်းလျောတယ်၊ အန်တယ်ဆိုရင် မဖြစ်မနေ ဓာတ်ဆားရည်သောက်ရပါမယ်။ အိမ်မှာ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်လို့ “Hello Sayarwon ရဲ့CEO ဒေါက်တာသူရိန်လှိုင်ဝင်းက BBC News မှာ အသိပေးမျှဝေထားပါတယ်။

ဒီရာသီတုပ်ကွေးရောဂါဟာ ကူးစက်မြန်ဆန်တာကြောင့် မိသားစုဝင်တွေကို ဒုက္ခပေးနိုင်တဲ့အတွက် ကြိုတင်ကာကွယ် နိုင်ရင် အကောင်းဆုံးပါပဲ။ မိမိမှာ တုပ်ကွေးရောဂါဖြစ်ပွားနေပြီဆိုရင် တခြားအိမ်တွေ သွားရောက်လည်ပတ်ခြင်းကို ရှောင်ပါ။ အိမ်တစ်အိမ်မှာဆိုရင် တံခါးလက်ရမ်းတို့၊ သောက်ရေခွက်တို့၊ စားပွဲခုံ၊ ကုလားထိုင်တွေကနေတဆင့် ကူးစက်နိုင်တာကြောင့် အိမ်လည်ပတ်ခြင်း အထူးဆင်ခြင်သင့်ပါတယ်။

သင့်ကြောင့် အခြားသူကို ကူးစက်သည်ဖြစ်စေ၊ အခြားသူကြောင့် သင့်ထံ ကူးစက်လာသည်ဖြစ်စေ ပြင်းထန်တဲ့ဝေဒနာ ကို သင်သာမက သင့်မိသားစုဝင်တွေပါ ကူးစက်ခံစားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေးကို နေ့စဉ်ပြုလုပ် သင့်ပြီး လက်ကို ခဏခဏ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် တုပ်ကွေးရောဂါဖြစ်နေသူဟာ သီးသန့် အခန်းတစ်ခုမှာ နေထိုင်ရပါမယ်။

လူအချင်းချင်း ကူးစက်ခြင်းအပြင် ခြင်ကျားက တဆင့်လည်း ကူးစက်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံး ကာကွယ်မှု ကတော့ အင်္ကျီလက်ရှည် ဝတ်ဆင်ထားသင့်တယ်။ ခြင်ဆေးတွေအသုံးပြုသင့်တယ်။ ခြင်မပေါက်ဖွားနိုင်အောင် ရေအိုး၊ ရေခွက်နဲ့ ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းဖယ်ရှားရပါမယ်။

ကေအဲန်ယူ ခရိုင်ကျန်းမာရေးမှူး စောဂေကော်ထူးကလည်း “ချောင်းဆိုးနေမယ်ဆိုရင်လည်း တစ်ရှူးတို့ သုံးသင့်တယ်။ ဖြစ်နိုင်ရင် မာ့စ်ခ်နဲ့ ဖုံးထားသင့်တယ်။ တစ်ရှူးပဲဖြစ်ဖြစ်၊ မာ့စ်ခ်ပဲဖြစ်ဖြစ် ကျနော်တို့ သုံးပြီးသားတွေကို စွန့်ပစ်တဲ့နေရာ မှာ မြှုပ်နှံလိုက်တာဖြစ်ဖြစ်၊ မီးရှို့ပစ်လိုက်ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ လက်လွှတ်စပယ် မစွန့်ပစ်သင့်ပါဘူး။ ဒီရောဂါပိုး က ဗိုင်းရပ်စ်တစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ကူးစက်တာမြန်ဆန်တယ်။”လို့ ပြောပါတယ်။

ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်တဲ့အတွက် အသက် သေဆုံးတတ်ပါတယ်။ အရင်နှစ်တွေတုန်းက ကိုဗစ်ကာကွယ်ချင်လို့ ပါးစပ်၊ နှာခေါင်းစည်းတပ်တာ၊ လက်ကို သေချာ ဂရုတစိုက် ဆေးကြောတာတွေ လုပ်ခဲ့ကြတဲ့အတွက် တုပ်ကွေးဖြစ်ပွားမှုဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

သို့ပေမဲ့ ယခုနှစ်အတွင်း နှာခေါင်းစည်းတပ်ဆင်တာ၊ သေချာ လက်ဆေးတာ စတဲ့အကျင့်ကောင်းတွေကို ပေါ့လျော့လာ ကြတော့ တုပ်ကွေးပြန့်နှံ့မှုနှုန်းက ပိုပြီး မြန်ဆန်နေတာ ဖြစ်ပါတယ်။

တုပ်ကွေးဟာ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်တွေကနေ ကူးစက်လွယ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ် မျိုးဖြစ်တာကြောင့် သေလောက်တဲ့အထိ ပြင်းထန်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင် ပါတယ်။

အဆုတ်ရောင်တာ၊ နှလုံးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ကြွက်သားတစ်ရှူးတွေ ရောင်တာ၊ အသက်ရှူလမ်းကြောင်း ကျောက်ကပ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတာ စတဲ့ ပြဿနာတွေကိုပါ ခံစားရစေတာမို့ လုံး၀ မပေါ့ဆသင့်ပါ ကြောင်း အသိပေး မျှဝေလိုက်ပါတယ်။