Home သတင်း ဖားအံအကျဉ်းထောင်က အကျဉ်းသား/သူ ၂၅၈ ဦး ပြန်လွှတ်၊ နိုင်ငံရေးအကျဥ်းသား ၂ ဦးသာပါဝင်

ဖားအံအကျဉ်းထောင်က အကျဉ်းသား/သူ ၂၅၈ ဦး ပြန်လွှတ်၊ နိုင်ငံရေးအကျဥ်းသား ၂ ဦးသာပါဝင်

915

ဩဂုတ် ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်(ယမန်နေ့) ဝါဆိုလပြည့် ဓမ္မစကြာအခါ တော်နေ့အထိမ်း အမှတ် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများ ၇၇၄၉ ဦးအား လွှတ်ပေးခဲ့ရာတွင် ကရင်ပြည်နယ် တောင်ကလေးထောင်မှ အကျဉ်းသား/သူ ၂၅၈ ဦးပါဝင်ပြီး နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ကျအကျဥ်းသား ၂ ဦးသာပါဝင်ကြောင်း သိရှိရသည်။

“မနေ့ကလွတ်တာမှာ မူးယစ်မှု၊ ခိုး၊ ဆိုး၊ နိုက်တွေပဲများတယ်။ လွတ်ရက်နီးအကျဥ်းသားတွေပေါ့၊ လွတ်ဖို့ ၆ လတို့ ၄ လ တို့လောက်ပဲကျန်တဲ့သူတွေကို လူရာချီလွှတ်ပေးတာပဲ။ သိရတာက ၅၀၅ နဲ့ ၂ ယောက်လွတ်တယ်။ ကျန်တဲ့ဟာတွေက တခြား ပြစ်မှုတွေကလွတ်တာများတော့ လူ ၂၅၀ ကျော် လွတ်တယ်ပေါ့ ”ဟု အကျဥ်းသား မိသားစုဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန် ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက် ခံဝန်လက်မှတ်ထိုးစေပြီး ဖားအံတောင်ကလေးအကျဉ်းထောင်မှ အကျဉ်း သား/သူ ၂၁၅ ဦး၊ လက္ခဏစိုက်မွေးစခန်းမှ အကျဉ်းသား ၃၁ ဦး၊ မာလာဖူးကုန်ထုတ်အကျဥ်း စခန်းမှ အကျဉ်းသား ၁၂ ဦးနှင့်ဖားအံထောင်မှ နိုင်ငံခြားသားအကျဉ်းသား/သူ ၈ ဦး စုစုပေါင်း ၂၅၈ ဦး လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ ဖားအံတောင်ကလေး အကျဥ်းထောင်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုပါဝင်ကြသည့် ဖြစ်စဥ် များကြောင့် ထောင်ကျနှင့် အချုပ်ကျနေဆဲအကျဥ်းသား၊ အချုပ်သား ၂၀၀ ခန့်ရှိပြီး ယခင် ပုဒ်မတပ် ထောင်ချပြီးသူအကျဥ်းသား ၁၀၀ ကျော်အား ၂၀၂၂ ခုနှစ်အတွင်းက ကျိုက်မရောထောင်၊ ကျိုက်စ ကောထောင်၊ တောင်ငူထောင်၊ သာယာဝတီထောင်တို့အား ထောင်ပြောင်းရွှေ့ခံထားရသည့် အတွက် မိသားစုဝင်များ နှင့် ထောင်ဝင်စာတွေ့ခွင်မရဘဲ သတင်းအဆက်အသွယ်ပြတ်နေကြောင်း အကျဥ်းသားမိ သားစုဝင်များက ပြောသည်။

ယမန်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်မြင့်တို့အား လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြစ်မှု / ပြစ်ဒဏ်နှစ်အလိုက် လျှော့ပေါ့ပေးသည့် အခြေအနေအရ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ၈ နှစ်သက်သာခွင့်ရပြီး ဦးဝင်းမြင့်အနေဖြင့် ၄ နှစ်သက်သာခွင့်ရခြင်းသာဖြစ်ကြောင်းတရားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

စစ်တပ် စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၉၁၂ ရက်အတွင်း မတရားဖမ်းဆီးခံ ထားရသူ ၂၄,၁၃၀ ဦး အထိ တိုးလာနေကြောင်း၊ ယမန်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် နိုင်ငံတဝှမ်းအကျဉ်းချခံထားရသူ အကျဉ်းသား (၇၇၄၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP အနေဖြင့် ယမန်ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ (၁၀၀) ဦး ဝန်းကျင်ကို အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။