Home သတင်း ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်သွားပြီဟု KNU ပြော

ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်သွားပြီဟု KNU ပြော

1039

ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ ထိန်းချုပ်ရာ ဖာပွန်မြို့တွင် အုပ်ချုပ်ရေးယန္တရားအားလုံး လုံးဝရပ်လိုက်ရကာ ယနေ့အချိန်ထိ လည် ပတ်၍မရတော့ကြောင်း ကေအဲန်ယူ -ကရင်အမျိုသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

၂၀၂၁ခုနှစ်ကတည်းကစတင်၍ ဖာပွန်မြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်တွင်ရှိသော ကျန်းမာရေး၊ ပညာရေး နှင့် အခြားဌာနဆိုင်ရာလုပ်ငန်းစဉ်များ လည်ပတ်နိုင်ခြင်းမရှိတော့သလို ယနေ့အချိန်ထိ ရပ်တန့်နေကာ မြို့ထဲတွင်လည်း ပြည်သူလူထုအနည်းငယ်သာ ကျန်ရှိတော့ကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလို ပြောသည်။

“ဖာပွန်မြို့မှာ အုပ်ချုပ်ရေးအပိုင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှမလုပ်နိုင်တော့ဘူး။ သူတို့ အုပ်ချုပ် မှုအောက်က ကျန်းမာရေး၊ ပညာရေးလည်း မလည်ပတ်နိုင်တော့ဘူး။ ပြီးတော့သူတို့ရုံးတွေဆိုရင်လည်း တစ်ခုမှ မဖွင့်နိုင်တော့ဘူး။ သူတို့စစ်တပ်ဝင်းထဲမှာပဲ နည်းနည်းပါးပါးလုပ်နိုင်တော့တယ်။ လက်နက်ကြီး ခဏခဏကျတော့ ရပ်ကွက်ထဲက လူထုတွေက အခြားနေရာမှာ ပြောင်းရွှေ့ရတယ်။ အခုမြို့ထဲ မှာဆိုရင် လူထု သုံးပုံမှာတစ်ပုံလောက်ပဲကျန်တော့တယ် ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး ထွက်ခွာသွားရန်ကိုလည်း KNU တပ်မ ဟာ(၅)က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ကတည်းကစတင်၍ အမိန့်ပေးထုတ်ပြန်ထားသလို လက်ရှိအချိန်တွင် အဆိုပါမြို့ ရှိ အုပ်ချုပ်ရေးရုံးအချို့သည် ကမမောင်းမြို့တွင် ပြန်လည်ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းရှိသည်ဟု ကေအဲန်ယူက ပြောသည်။

ကမမောင်းမြို့သည်လည်း ကေအဲန်ယူ တပ်မဟာ(၅)၏ နယ်မြေထဲတွင်ရှိနေသည့်အတွက် စစ်ကောင်စီ လက် အောက်တွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်၍ ထွက်ခွာ ပေးရန် ယခုလ ဩဂုတ်လ(၈)ရက်နေ့တွင် KNLA တပ်မဟာ(၅)က ထပ်ဆင့် အမိန့်ပေးထုတ်ပြန် ကြေညာခဲ့ခြင်း ရှိသည်။

ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က“ CDM လုပ်တဲ့သူတွေနဲ့ ဖာပွန်မှာက သူတို့အုပ်ချုပ်ရေး ယန္တရား လည် ပတ်လို့မရတော့ ကမမောင်းမှာ သူတို့လည်ပတ်မှုနည်းနည်းရတော့ ကမမောင်းမှာ ရုံးတွေ နည်းနည်း ပြန် လည် ပတ်တာ။ ကမမောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)ထဲမှာပဲဆိုတော့ ၂၀၂၂ခုနှစ်က တပ်မဟာ(၅) ဘက် ထုတ်ပြန်ချက်ထုတ်ပေမယ့်လည်း အဲဒီက လိုက်နာမှုသိပ်မရှိတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီဘက်က ပြန်ကြပ်ပြီး ထပ်မံသတိပေးထုတ်ပြန်တာရှိတယ် ”ဟု ပြောသည်။

ဩဂုတ်လ ၂၃ရက်နေ့တွင်လည်း ဖာပွန်မြို့၏ ရပ်ကွက်(၁)တွင်ရှိသည့် ဖာပွန်ရဲစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်တော်-KNLA တပ်မဟာ(၅)ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ် တစ်လက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိကြောင်းလည်း ကေအဲန်ယူဘက်က ပြောသည်။

မူတြော်ခရိုင်(တပ်မဟာ -၅)နယ်မြေထဲတွင် နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားနေသလို ၎င်းနယ်မြေအတွင်းရှိ စစ် ကောင်စီတပ်စခန်းထံ ရိက္ခာများသယ်ဆောင်၍ မရစေရေးအတွက် စစ်ကောင်စီတက်လာသည့် လမ်းကြောင်း ဖြစ်သည့် ဖာပွန်-ကမမောင်းလမ်း၊ တပ်မဟာ(၂)နယ်မြေအစပ်၊ တပ်မဟာ(၃)ဘက် တက်လာသည့် မူသယ်လမ်း ကြောင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ရှိကြောင်း မူတြော်ခရိုင်တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။