Home ဆောင်းပါး ကရင်နှင့် တိုင်တစ်ရာ ကျောင်းကြီး

ကရင်နှင့် တိုင်တစ်ရာ ကျောင်းကြီး

631

ကရင်နှင့် တိုင်တစ်ရာ ကျောင်းကြီး

S. မင်းခိုက်သူ (PTN)

(ဩဂုတ် ၅၊ ၂၀၂၃)

(၁၈၂၄-၂၆)ခုနှစ် မြန်မာ-အင်္ဂလိပ်စစ်ပွဲပြီးသည့်အခါ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ကို အင်္ဂလိပ်တို့ထံ ပေးလိုက်ရသည်။ ထိုစဉ်က မော်လမြိုင်၊ ကျိုက္ခမီတို့သည် တနင်္သာရီတိုင်းတွင် ပါဝင်နေသည်။ ခရစ်ယာန်သာသနာပြု ဆရာယုဒသန်သည် အင်း၀ဘုရင့်နေပြည်တော်၌ရှိနေစဉ် မြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် စကားပြန်လုပ်ပြီးသည့်အခါ ရန်ကုန်သို့ ပြန်လာသည်။ မိမိ၏ဇရပ်ကိုဖျက်၍ လွတ်လပ်စွာ သာသနာပြုနိုင်သည့် ကျိုက္ခမီသို့ ရွှေ့ပြောင်းပြီး နှစ်ခြင်း သာသနာပြုလုပ်ငန်းကို စတင်လေသည်။

ထို့နောက် သာသနာပြုဆရာ အသစ် အသစ်တွေရောက်လာကြပြီး အင်အားကောင်းလာသည်။ ထိုသာသနာပြု ဆရာများအနက် မစ္စတာအက်ဘော့(Mr. Abbot)သည် ပထမဦးဆုံးအဖြစ် ပုသိမ်မြို့သို့ရောက်လာပြီး နှစ်ခြင်းသာသနာ ကို စတင်တည်ထောင်သည်။ ဆရာအက်ဘော့ ရောက်လာပြီးနောက်တွင် ပုသိမ်မြို့သို့ ဆရာဘီးချယ်(Mr. Beecher) ရောက်လာပြီး လုံခြုံရေး အသားမကျသေးသောနေရာကို ခဏထား၍ ပုသိမ်နှင့်လေးမိုင်အကွာ “ကိုးဆူဒေသ”ကို ရွေး ချယ်လိုက်သည်။

ထို့နောက် (၁၆.၅.၁၈၇၈)ခုနှစ်တွင် မြေ (၆)ဧကပေါ်၌ တိုင်တစ်ရာကျောင်းကြီးကို စတင်တည်ဆောက်သည်။ တိုင်တစ်ရာကျောင်းပေါ်လာပြီး မစ္စတာဘီးချယ်၏နောက်တွင် ဆရာကာပင်တာ(Mr. Carpenter)သည် ရန်ကုန်မြို့၌ (၁၈၇၄)ခုနှစ်တွင် ကရင်နှစ်ခြင်းကောလိပ် အမည်ခံ ယုဒသန်ကောလိပ်ကို စတင်ဖွင့်လှစ်တည်ထောင်ပြီး ယင်းရာထူးမှ နှုတ်ထွက်ကာ ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ သူ၏လက်ထက်တွင် ဗြိတိသျှဒေသခံ အုပ်ချုပ်ရေးမှူးထံ မြေ ကွက်အလှူခံရာ မြေ (၁၀)ဧကရသဖြင့် စုစုပေါင်း မြေ (၁၆)ဧက ရရှိလာခဲ့သည်။ ထိုမြေဧကများပေါ်တွင် တိုင်အလုံး ပေါင်း ၁၁၆လုံးရှိသော တိုင်တစ်ရာကျောင်း ခေါ် ကိုသာဖြူအထက်တန်းကျောင်းကြီးကို တည်ထောင်ဖွင့်လှစ်ပါသည်။

ဆရာကာပင်တာ အမေရိကားသို့ ပြန်သွားသည့်နောက်တွင် ဒေါက်တာနစ်ကိုးလ်ရောက်လာပြီး ယင်းအမွေကို ဆက်လက် ခံယူထိန်းသိမ်းပါသည်။ နစ်ကိုးလ်သည် ပထမတိုင်တစ်ရာ သစ်သားကျောင်းဆောင်ကြီးကို မဖြိုချဘဲ မြောက်ဘက်သို့ရွှေ့ပြီး ထိုနေရာ၌ သုံးထပ်တိုက်ကျောင်းဆောင်ကို တည်ဆောက်ပေးခဲ့သည်။ ၁၉၄၉ခုနှစ်၊ ကရင်ပြည် နယ်အရေး တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ် မေယုစစ်သင်္ဘော၏ အမြှောက်ဆံကြောင့် နှစ်ကျောင်းစလုံး ကြေမွပျက် စီးသွားလေသည်။

၁၉၄၉ခုနှစ်၊ စစ်မဖြစ်ခင် ပုသိမ်မြို့သည် စည်ကားကျယ်ပြန့်လာသည့် ဒေသတစ်ခုဖြစ်လာသည်ဟု ဆိုသော် ငြားလည်း စင်စစ် ပုသိမ်မြို့သည် ပင်လယ်ကမ်းခြေတည်ရှိသည့်မြို့ဖြစ်၍ လွတ်လပ်ရေးမရမီ အင်္ဂလိပ်ခေတ်ကတည်း က စည်ကားသည့်တိုင်းမြို့ပင် ဖြစ်သည်။ ပုသိမ်မြို့တွင် လူအများသည် တဖြည်းဖြည်း နေထိုင်လာကြသလို အထူးသ ဖြင့် ပိုးကရင်နှင့် စကောကရင်များ အတူတကွနေထိုင်ကြသော ကရင်ရပ်ကွက်သည် စျေးကွက်၏အချက်အချာကောင်း သောနေရာ ဖြစ်လာသည်။ ယင်းနေရာကောင်းတွင် ဒေါက်တာစံစီပိုးသည် သူ၏ဆေးခန်းကို ဖွင့်လှစ်သည့်အပြင် သူသည် ပုသိမ်မြို့၏ မြူနီစပယ်လူကြီးဖြစ်လာပြီး မြို့၏မျက်နှာဖုံးပင် ဆိုရပေသည်။ ခေတ်ပညာတတ်ဖြစ်၍ နောက် ပိုင်း၌ ဥပဒေပြုကောင်စီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး ဗြိတိသျှဘုရင်ခံကို အကြံပေးရသောကောင်စီဖြစ်လာသဖြင့် ပုသိမ်မြို့ရှိ ကရင် အပါအဝင် မြို့ခံလူများက များစွာဂုဏ်ယူကြသည်။

စောသာမြတ်ကြီးနှင့် ဒေါက်တာစံစီပိုးသည် လွန်စွာ ခင်မင်ကြသဖြင့် ကောင်းတိုင်ပင် ဆိုးတိုင်ပင်ဖြစ်ကြ၍ မိသားစုများကဲ့သို့ ခွဲမရအောင် နေထိုင်လာခဲ့ကြသည်။ စောသာမြတ်ကြီးသည် ခေတ်အမြင်ရှိသူဖြစ်၍ သူ့ခေတ်အခါက ရှားပါးသည့်လူကြီးတစ်ယောက်ပင် ဖြစ်သည်။ ဒေါက်တာစံစီပိုးနှင့် ခင်မင်ပေါင်းသင်းရုံပင်မက ဒေါက်တာနစ်ကိုးလ်နှင့် လည်း အလွန်ရင်းနှီးလျက် ပေါင်းသင်းကြသည်။

ထိုစဉ်က ပုသိမ်မြို့ရှိ အသင်းတော်နှင့် တိုင်တစ်ရာကျောင်းကို တည်ထောင်ကြရာတွင် စောသာမြတ်ကြီးနှင့် ဒေါက်တာနစ်ကိုးလ်တို့သည်လည်း ပါဝင်ခဲ့ကြသည်။ ယင်းကျောင်းကိုတည်ထောင်ရာတွင် စောသာမြတ်ကြီး ပါဝင် သည်ကို သိရခြင်းအားဖြင့် သူသည် ကျောင်းတော်ကြီးကို များစွာ ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် ကရင်အမျိုးသားတို့ ၏ပညာရေးကိုလည်း အားပေးအားမြှောက်သည့် ပညာလိုလားသူတစ်ယောက်အဖြစ် သိရှိနိုင်ပေသည်။ သို့အတွက် ကြောင့် နောက်ပိုင်းတွင် သူ၏တစ်ဦးတည်းသော သားဖြစ်သူ စောဘဦးကြီးကိုလည်း တိုင်တစ်ရာကျောင်းကြီးမှသည် လန်ဒန်အထိ ပို့ဆောင်ပညာသင်စေခဲ့ခြင်းဖြစ်သည်။

ကရင်တို့၏ ပညာသင်ကြားရေး မြှင့်တင်မှုသည် နှစ်ခြင်းသာသနာပြု၏ လုပ်ငန်းကိုအကြောင်းပြု၍ ပုသိမ်မြို့ တွင် တည်ရှိလာသည်။ ပုသိမ်မြို့တွင် စကောကရင် တိုင်တစ်ရာအထက်တန်းကျောင်းကြီးနှင့် ပိုးကရင် အလယ်တန်း ကျောင်းတို့သည်လည်း ပေါ်ပေါက်လာခဲ့ပြီး ကရင်အမျိုးသားတို့ ပညာသင်ကြားရာ ဗဟိုချက်မကြီး ဖြစ်လာပါသည်။ မြစ်၀ကျွန်းပေါ် ဧရာ၀တီတိုင်းအတွင်းရှိ နယ်စုံက ကရင်လူမျိုးအများစုသည် ခေတ်ပညာကို ထိုကျောင်းမှာပင် သင်ယူ ကြသဖြင့် ယင်းကျောင်းကြီးသည် ကရင်လူမျိုးအများဆုံး ပညာသင် စုဝေးရာကျောင်းကြီး ဖြစ်လာသည်။

ပိုးကရင်ကျောင်းနှင့် စကောကရင်ကျောင်းတို့တွင် စကောကရင်ကျောင်းသည် အထက်တန်းကျောင်းဖြစ်၍ ပညာရေးတွင်လည်း ထိပ်ဆုံးသို့ရောက်နေချိန်ပင် ဖြစ်သည်။ တိုင်တစ်ရာကျောင်းတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ဧရာ၀တီ မြစ်၀ကျွန်းပေါ်ရှိ လယ်သမား၊ ကိုင်းသမားများ၏ သားသမီးများကို ပညာရေးမြှင့်တင်ရာ တွင် တစ်ခုတည်းသော နာမည်ကြီး ကျောင်းတော်ပင်ဖြစ်သည်။

စကောကရင်ကျောင်းသည် ကျောင်းသားပေါင်းတစ်ထောင်ကျော်ပင် ရှိသည်ကိုတွေ့ရသည်။ ထိုကျောင်း၌ အထက်တန်းပညာကို အောင်မြင်သည်နှင့် ရန်ကုန်မြို့ရှိ ဂျပ်ဆင်ကောလိပ်နှင့် အစိုးရကောလိပ်သို့ တက်ရောက်ပညာ သင်ကြားကြလေ့ရှိသည်။

တိုင်တစ်ရာ စကောကရင်ကျောင်းဝင်းအတွင်း၌ တည်ထောင်ထားသည့် ကြီးကျယ်ခမ်းနားသော အဆောက်အ ဦးများတွင် တစ်သက်တာ ကြာရှည်ခံအောင် လုံ့လစိုက်ကာ ဆရာတော် စီအေနီကိုးလ်(Rev. Dr. C.A. Nichols)က သေချာစွာ ဆောက်လုပ်ထားခဲ့သည်။ ထိုနေရာသို့ လာရောက်လည်ပတ်သည့် ဧည့်သည်အားလုံးမှာ ထိုအဆောက်အဦး များကို သဘောကျ နှစ်သက်လျက်ရှိကြသည်။ ထိုသို့ဖြစ်လာရသည်မှာ အဓိကအားဖြင့် ကရင်များ ညီညွှတ်မှုရှိစွာဖြင့် အားစိုက်လုပ်ဆောင်ခဲ့ခြင်း၏ ရလဒ်တစ်ခုပင် ဖြစ်သည်။ သာသနာပြုဆရာများ၏ အကူအညီပေးခြင်းနှင့် အစိုးရ၏ ဂရုဏာထား ကာကွယ်ပေးမှုအောက်တွင် နှစ်ပေါင်း ၆၀ခန့်ကြာပြီးမှ ထိုအရာအား ကရင်များ လုပ်ဆောင်နိုင်ခဲ့ကြသလို ကရင်၏ပညာရေးအဖွဲ့အစည်းများသည်လည်း စတင် တည်ထောင်နိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။

ပညာရေးဌာနနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် မည်သူတစ်ဦးတစ်ယောက်မှ ကရင်ကျောင်းများသည် မျှော်မှန်း ထားသည်ထက်ကျော်လွန်ကာ ပိုမိုတိုးတက်မှုရှိကြောင်းကို ငြင်းဆိုကြမည် မဟုတ်ပါ။ အရင်ကာလများတွင် ကရင်များ အား ခေတ်နောက်ကျ ကျန်ရစ်သည့်လူမျိုးအဖြစ် သိထားကြသော်လည်း ယခုအချိန်၌ ပညာရေးပိုင်းတွင် တိုးတက်လာ ပြီဖြစ်သည်။ ယနေ့အချိန်တွင် တိုင်းပြည်အတွင်း၌ ရှိကြသောကရင်များသည် ကျောင်းကောင်းအဖြစ် နာမည်ရထား သည့် ၎င်းတို့၏ ကိုယ်ပိုင်အထက်တန်းကျောင်း အများအပြား ရှိထားပြီးဖြစ်သည့်အတွက်လည်း လူအများရှေ့တွင် ကရင်တို့ ဝင့်ကြွားနိုင်ပြီဖြစ်သည်။

ထို့အပြင် ရာ ထောင်မက များလှစွာသော ကျေးလက်တောရွာရှိ စာသင်ကျောင်းများသည်လည်း တိုးတက် ပြောင်းလဲလာပြီဖြစ်သည်။ ထိုအချိန်ကာလက ဤတိုင်တစ်ရာကျောင်းကြီး၏ ပညာရေးသည် အရှေ့တောင်အာရှတွင် အကောင်းဆုံးကျောင်းအဖြစ် ကျော်ကြားခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၀တွင် ပုသိမ်မြို့ပေါ်၌ လူဦးရေ ၃၀၀၀၀ ရှိသည့်အနက် သာသနာဝင်း၏ အပြင်ဘက် တွင် ကရင်အိမ်ထောင်စု (၂အိမ်)သာရှိသည်။ ကျန်အိမ်ထောင်စုအားလုံးသည် သာသနာဝင်းအတွင်း၌သာ ရှိကြသည်။ သို့သော်လည်း ယခုအချိန်တွင် ပုသိမ်မြို့ရှိ ရပ်ကွက်တိုင်း၌ ကရင်အိမ်ထောင်စုမှာ ရာပေါင်းများစွာရှိနေပြီဖြစ်သည်။

တိုင်းပြည်အတွင်းရှိ ရန်ကုန်နှင့် အခြားမြို့များသည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ မြို့ကြီးအများစုတွင်ရှိ သော ကျောင်းနှင့် တက္ကသိုလ်ကျောင်းများ၊ ကျယ်ဝန်းသော အဆောက်အအုံများသည် ကရင်လူငယ်များအတွက် ဖြစ် သည်။ ယခင်ကာလများက အတန်းထဲတွင် အတော်ဆုံးသော ကျောင်းသူ/ကျောင်းသား ၅ဦးကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရ သော်လည်း ယခုအချိန်တွင် ရာနှင့်ချီရှိသည့် အတော်ဆုံး ကျောင်းသူ/ကျောင်းသားများ ရှိလာပြီဖြစ်သည်။

ပုသိမ်တွင်ရှိသော နီကိုးလ်စကောကရင် အထက်တန်းကျောင်း (MNichols’ Sgaw Karen High School)၌ ကျောင်းသူ/ကျောင်းသားစုစုပေါင်း ၁၄၀၀ရှိပြီး အတော်ဆုံး ကျောင်းသူကျောင်းသားများသည် ထိုကျောင်းမှ ထွက်လာ ခြင်းဖြစ်သည်ကို သံသယရှိရန် မလိုပါ။ ကရင်အထက်တန်းကျောင်းများကို ပုသိမ်၊ ဟင်္သာတ၊ သာယာ၀တီ၊ တောင်ငူ၊ မော်လမြိုင်နှင့် ရန်ကုန်တို့တွင် စတင် တည်ထောင်နိုင်ခဲ့သည်။ နှစ်တိုင်း အောင်ချက်ကောင်းသည့်အတွက်ကြောင့် ထို ကျောင်းသူကျောင်းသားများသည် တက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြားနိုင်ခဲ့ကြပြီး ပညာရေးပြီးဆုံးသည်အထိ ပညာဆည်းပူးကြ၍ ဝိဇ္ဇာ (သို့မဟုတ်) သိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီယူနိုင်ခဲ့ကြသည်ဟု စောစံစီပိုးက ရေးပြထားသည်။

ဟင်္သာတနယ်သား ပညာဝန်ဦးဖိုးကျားသည် တိုင်တစ်ရာကျောင်းထွက် ထင်ရှားသည့်ခေတ်ပညာတတ် မြန်မာ ပညာရှိတစ်ယောက်ဖြစ်သည်။ သူ၏ဆရာတော် ဘုန်းတော်ကြီးဦးသုန္ဒရကိုယ်တိုင် ခေတ်မီပညာရပ်များကို တတ် မြောက်လိုသဖြင့် ခေါ်ဆောင်လာပြီး ပိုးကရင်(ခေါင်တောက်ကျောင်း) ဒေါက်တာခရွန်ခိုက်ထံတွင် အပ်နှံ၍ အလယ် တန်းအထိလည်းကောင်း၊ စကောကရင်တိုင်တစ်ရာကျောင်းတွင် အထက်တန်းအထိလည်းကောင်း ပညာသင်ယူခဲ့ သည်။

ဦးဖိုးကျားသည် ဟင်္သာတတွင်နေစဉ်ကတည်းက လောကဓာတ်ဆိုင်ရာ သင်္ချာဂဏန်း၊ ပထဝီ စသောပညာရပ် များကို သင်ယူလာခဲ့ပြီး ဘုန်းတော်ကြီးကျောင်း၌ ၇တန်းအောင်ခဲ့သော်လည်း အင်္ဂလိပ်စာကို ခုမှသာ စသင်ရမည်ဖြစ်၍ ၄တန်းကို ပြန်ဆင်းရသည်။ ၁၉၁၅ခု၊ အသက် ၂၄နှစ်အရွယ်တွင် အင်္ဂလိပ်-မြန်မာ ၇တန်းကိုအောင်မြင်သည်။ ထို့ နောက် ဆယ်တန်းကို စကောကရင်ကျောင်းတွင် အောင်မြင်ပြီး ရန်ကုန်ဂျပ်ဆင်ကောလိပ်ကျောင်းသို့ တက်ရောက် ပညာသင်၍ ဘွဲ့ယူခဲ့သည်။

စာရေးဆရာတိုက်စိုးက “ဦးသုန္ဒရသည် မောင်ဖိုးကျားကိုခေါ်၍ ပိုးကရင်ကျောင်း အကြီးအကဲဖြစ်သူ ဒေါက် တာခရွန်းခိုက်(Dr. Cronkhite)နှင့် တွေ့ဆုံဆွေးနွေးလေသည်။ ဒေါက်တာခရွန်းခိုက်မှာ ကြင်နာတတ်သော ပုဂ္ဂိုလ်ဖြစ် သည်။ လူငယ်လူရွယ်များကို ချစ်တတ်သည်။ ယခုမူ မောင်ဖိုးကျား၏ ပညာအခံသည် မဆိုးလှ။ မောင်ဖိုးကျားမှာလည်း အပြောအဆို ချေငံသည်။ ကိုယ်လုံးပြည့်ပြည့် မျက်နှာကျတော့ ကရင်နှင့်တူ၍ လူရည်သန့်သည်။ ဒေါက်တာခရွန်းခိုက် သည် မောင်ဖိုးကျားကို ကျောင်းတွင် လက်ခံလိုက်သည်။ ၁၉၁၅ခုနှစ်တွင် အင်္ဂလိပ်နှင့် တိုင်းရင်းသားဘာသာ ၇တန်းကို မောင်ဖိုးကျား ဖြေဆိုအောင်မြင်သည်။ ထိုအချိန်တွင် သူသည် ဒေါက်တာခရွန်းခိုက်၏ တပည့်ရင်းချာ ဖြစ်ခဲ့လေပြီ။ ဒေါက်တာခရွန်းခိုက်၏ ကူညီစောင်မမှုဖြင့် သူသည် စကောကရင်ကျောင်းတွင် ဆက်လက်၍ နေနိုင်လာသည်။ ပုသိမ် တလိုင်းကျောင်းမှ ဆွေတစ်စ မျိုးတစ်စ တော်သူများက သူ့ကို နည်းနည်းပါးပါး ထောက်ပံ့သဖြင့် ပို၍ အဆင်ပြေလာ သည်။ သူသည် ထိုကျောင်းတွင် သုံးနှစ် ကျောင်းတက်ခဲ့သည်”ဟု အမျိုးသားပညာဝန်ဦးဖိုးကျားစာအုပ်၌ ရေးပြထားပါ သည်။

ထို့ကြောင့် ပုသိမ်တိုင်တစ်ရာကျောင်းသည် ဒေါက်တာစောစံစီပိုး၊ စောဘဦးကြီး၊ စောစံဖိုးသင်၊ ပညာဝန်ဦးဖိုး ကျား၊ ကရင်အမျိုးသားသီချင်းရေးသော စောစံဘ၊ စောသာအေးကြီး စသော မြစ်၀ကျွန်းပေါ်ရှိ လူမျိုးမရွေး၊ ဘာသာမ ရွေး ခေတ်ပညာတတ် ပုဂ္ဂိုလ်မြောက်များစွာကို မွေးထုတ်ပေးသည့် တစ်ခုတည်းသော ပညာ့ဗိမာန်ကျောင်းတော်ကြီး ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကျမ်းကိုး
၁။ ဦးလူနီလမ်းသမိုင်းနှင့် ကရင့်ကြိုးပမ်းမှုများ (စောဝင်းဘတ်)
၂။ စောဘဦးကြီးနှင့် လူမျိုးစုများပြဿနာ (မောင်စင်ကြယ်)
၃။ ဗမာပြည်နှင့် ကရင်လူမျိုးများ၊ ဒေါက်တာစံစီဖိုး။ စောကျော်လင်း(ဘာသာပြန်) ၂၀၂၀
၄။ ဦးဖိုးကျား၊ မင်းယုဝေ။ ဧရာ၀တီတိုင်းမ်မဂ္ဂဇင်း၊ ၁၉၈၅
၅။ အမျိုးသားပညာဝန်ဦးဖိုးကျား။ တိုက်စိုး