Home သတင်း အမျိုးသမီးများအပါအဝင် အရပ်သား ၁၅ ဦးခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီးထားဆဲ

အမျိုးသမီးများအပါအဝင် အရပ်သား ၁၅ ဦးခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီးထားဆဲ

669

ဇူလိုင် ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အရပ်သားအများ အပြားကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ထားဆဲဟု ထွက်ပြေးလွတ်မြောက်လာသူထံမှ သိရသည်။

မွန်ပြည်နယ်မှတစ်ဆင့် ကရင်ပြည်နယ် ပုလိန်ရွာအနီးသို့ ဇူလိုင် ၁၄ ရက်နေ့က အမျိုးသမီးငယ်များအပါအဝင် အရပ်သား ၁၉ခန့် စီးနင်းလိုက်ပါလာသည့် အရပ်သားကားတစ်စီးအား ကင်းပုန်းဝပ်စောင့်နေသည့် စစ်ကောင်စီ တပ်မှ ကားပေါ်ပါ အရပ်သားအမျိုးသား ၂ ဦးအား ပစ်သတ်ခဲ့ပြီး ကျန်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့်အပြင် လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဌာနေလူထု ၄ ဦးပါ ဖမ်းဆီး ခေါ် ဆောင်သွားရာ ယခုအချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ လယ်တဲမှာ နွားတွေကိုပြန်ကြည့်ရင်း စစ်တပ်က ဖမ်းခေါ် သွားတယ်။ အမျိုးသမီးငယ်တစ်ဦးမှာ ဗိုက်မှာ သေနတ်ဒဏ်ရာရထားတယ်။ သူတို့အဖွဲ့မှာ သက်ကြီးပိုင်းလူတွေ များတယ်။ ဒဏ်ရာတွေလည်း ရထားကြတယ်။ ဖမ်းဆီးခံထားရတာ အမျိုးသမီးငယ် ၄ ဦးအပြင် စုစုပေါင်း ၁၅ ဦး လောက်ရှိအုံးမယ်။ ဥယျာဉ် လယ်တဲတွေပေါ် က ဆန်တွေသူတို့ယူတယ်။ မနေနိုင်တော့လို့ အသက်စွန့်ပြီး ထွက်ပြေးလာကြတာပါ” ဟု ယနေ့ ဇူလိုင် ၂ဝ ရက် နေ့တွင် ကေအိုင်စီ သို့ ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့၏ အထက်အမိန့်ညွန်ကြားချက်အရ တံခွန်တိုင်ရဲစခန်းဝင်းရှိ ခြေကုပ် တပ်စွဲထားသည့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များထံ သွားရောက်ပူးပေါင်း ရမည် ဖြစ်သည့် အတွက် စခန်းသို့ ထပ်မံဝင်ရောက်နိုင်ရန် အရပ်သားများအား လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်နိုင်သည် ဟု ထွက်ပြေးလွတ်မြောက်လာသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ကရင်ပြည်နယ် တောင်ညိုတောင်ခြေ ပုလိန်ရွာအနီးတွင် ခြေကုပ်ယူတပ်စွဲထား လျှက်ရှိသည့်အတွက် ဌာနေလူထုများအနေဖြင့် လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ စွန့်ပစ်ထားရပြီး ခလယ်၊ တံခွန်တိုင်၊ ပုလိန်၊ နောင်းဒေ့နှင့်အခြားကျေးရွာများမှ ရွာပေါင်း ၇ ရွာ ကျော်ရှိ ဌာနေလူထု (၃,ဝဝဝ) ကျော် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။