Home သတင်း မွန်ပြည်နယ်တွင် ရေဘေးသင့်မှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးခဲ့

မွန်ပြည်နယ်တွင် ရေဘေးသင့်မှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးခဲ့

284

ဇူလိုင်လ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး ရပ်ကွက်များထဲ၌ ရေနစ် မြှပ်မှုကြောင့် ကလေး ၃ ဦးသေဆုံးခဲ့ကြောင်း မော်လမြိုင်မြို့ရှိ သီရိမြိုင်ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် ဇေယျာမြိုင်၊ သီရိမြိုင်၊ရွှေပြည်အေး၊ ပဲခူးချောင်း၊ ကရင်ကျောင်း၊စျေးကြို နှင့် စာရေးကြီး ကုန်း စသည့်ရပ်ကွက် ၇ ခုတွင် ရေနစ်မြှပ်ခဲ့ပြီး သီရိမြိုင်ရပ်ကွက် ၉ လမ်းရှိ ၁၃နှစ်အရွယ်ရှိသည့် အမျိုးသားကလေးငယ် ၂ ဦးသည်  ရေဆော့ကစားရာတွင် ရေနစ်ခဲ့သလို သီရိမင်္ဂလာရပ်ကွက်ရှိ တစ်နှစ်အရွယ် အမျိုးသမီးကလေး ငယ်တစ်ဦး လည်း နေအိမ်မှ ပြုပ်ကျ၍ ရေနစ်သေဆုံးခဲ့သည်ဟု သီရိမြိုင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရပ်ကွက် ၇ ခုလောက် ရေမြှပ်သွားတယ်။ မနက်ပိုင်းက သီရိမင်္ဂလာရပ်ကွက်မှာ ၁ နှစ်အရွယ် ကလေးတစ်ဦး အိမ်ပေါ်ကကျပြီး ရေနစ်ဆုံးသွားတယ်။ ညနေပိုင်းမှ အောက်ဘက်က ကလေး ၂ ယောက် ရေချိုး ဆော့ကြရင်းနဲ့ ရေနစ်ပြီးဆုံးတယ်။ ၂ ယောက်လုံးကတော့ အသက် ၁၃ နှစ် လောက်ပဲရှိသေးတယ်။ ရေတက်တာ အိမ်ထဲ လှေကား ၂ဆင့်ထိမြှပ်သွားတယ်။ ဒီမနက်တော့ မိုးမရွာသေဘူး ရေနည်းနည်းပြန်ကျနေပြီး။ မနေ့ကကယ်ဆယ်ရေးအဖွဲ့တွေ ထမင်းထုတ်တွေလိုက်ဝေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ မော်လမြိုင်မြို့အပြင် သံဖြူဇရပ်နှင့် ရေးအစရှိသည့် မြို့နယ်များတွင်လည်း မိုးရွာသွန်းမှု များကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထိုသို့ မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်နေသည့် ရပ်ကွက်တွင်းရှိ နေအိမ်များကို သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး အသင်းက ထမင်းထုပ်များ လိုက်လံဝေပေးနေပြီး သက်ဆိုင်ရာနေရာများထဲသို့ ပြောင်းရွေ့ ပေးခဲ့ကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“မနေ့ကရော ဒီနေ့ရော ထမင်းထုပ်တွေ လိုက်ဝေပေးနေပါတယ်။ ဥယာဉ်ခြံလမ်းဘက်ကသူတွေကျတော့ စျေးကြို ဓမ္မာရုံ မှာ ကယ်ဆယ်ရေးစခန်းလုပ်ပြီးတော့ နေရာပြောင်းထားပေးတယ်။ ပြီးလို့ရှိရင် သီရိမြိုင်တို့ဘက်ကကျတော့ ကယ်ဆယ် ရေးစခန်းတော့ မရှိဘူးပေါ့နော်။ ဒီလိုပဲ ကုန်းမြင့်တွေမှာထားထားပြီး မိုးမရွာဘူးဆိုရင် ညဘက်ပြန်အိပ်ကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။

ထို့သို့ ရေကြီးရေလျှံမှုများကြောင့် မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများထဲတွင် အိမ်ခြေစုစုပေါင်း ၅၀၀ အထိ ရေနစ်မြှပ်ခဲ့ပြီး လက်ရှိတွင် ရေပြန်ကျသည့်အချိန်ကို စောင့်ကြည့်ပြီး နေထိုင်နေလျက်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။