Home သတင်း ထီလုံ-နဘူးလမ်းပေါ်ရှိ ဆောက်လုပ်ပြီးတံတားများအနီးမှ လယ်ကွင်းများ စပါးစိုက်ပျိုးမရဖြစ်နေ

ထီလုံ-နဘူးလမ်းပေါ်ရှိ ဆောက်လုပ်ပြီးတံတားများအနီးမှ လယ်ကွင်းများ စပါးစိုက်ပျိုးမရဖြစ်နေ

876

ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီလုံ-နဘူးလမ်းမပေါ်တွင် ၂၀၂၁မှ ၂၀၂၃ခုနှစ် တံတားဆောက်လုပ်ရေးစီမံကိန်းအနီးရှိ လယ် ကွင်းများထဲတွင် ဆောက်လုပ်ရေး၌ အသုံးပြုထားခဲ့သည့် မြေကြီး၊ ဘိလပ်မြေနှင့် ကျောက်စရစ်ခဲများကြောင့် လယ်ပိုင် ရှင်များမှာ လယ်မြေထဲတွင် မိုးစပါးစိုက်ပျိုး၍မရဘဲ အခက်အခဲဖြစ်နေကြသည်။

စစ်ကောင်စီ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာန(နတလ)၏ အစီအစဉ်ဖြင့် အဆိုပါဒေသတွင် တံတား အစင်း ၂၀ကျော် ဆောက်လုပ်လာခဲ့ရာ အနီးအနားရှိ လယ်ကွင်းများတွင် ကျောက်စရစ်ခဲများ၊ မြေကြီးများပုံထားခြင်း၊ ဘိလပ်မြေများ ချထားခဲ့ပြီး တံတားတည်ဆောက်မှု ပြီးစီးသွားသော်လည်း ပြန်လည်သိမ်းဆည်းခြင်း မပြုလုပ်သည့်အ တွက် မိုးရွာချိန်၌ လယ်ကွင်းထဲသို့ မြေကြီး၊ ကျောက်၊ ဘိလပ်မြေများ လယ်မြေများနှင့် ရောသွားခြင်း ဖြစ်သည်။

တံတားဘေးရှိ လယ်ပိုင်ရှင်တစ်ဦးက “ကျတော်တို့လယ်တွေဆို တံတားဆောက်တဲ့အချိန် တစ်နှစ်ကျော် နှစ်နှစ်နီးပါး ရှောင်လမ်းအဖြစ် သုံးတယ်။ သူတို့ ခန လမ်းလုပ်တယ်။ တစ်နှစ်ကျော်လောက် ကြာတယ်။ လယ်တွေပျက်စီးတယ်။ လယ်ထဲမှာလည်း ကျောက်တွေ၊ ဘိလပ်မြေတွေနဲ့ ဘယ်လိုမှ ထွန်မရတော့ဘူး‌။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နတလမှ ဦးစီးဆောက်လုပ်သော တံတားလုပ်ငန်းခွင်အနီးရှိ လယ်ကွင်းများထဲတွင် ရှောင်လမ်းအဖြစ် အသုံး ပြုခံရသော လယ်များ၏ ပိုင်ရှင်များအတွက် နစ်နာကြေးများ အကုန်မရရှိသေးကြောင်းလည်း ၎င်းလယ်ပိုင်ရှင်များထံမှ သိရသည်။

နစ်နာကြေး မရရှိသော အမည်မဖော်လိုသူ လယ်ပိုင်ရှင်တစ်ဦးက “အစ်ကိုတို့လယ်မှာ တံတားဆောက်တဲ့အထဲထည့်တဲ့ သံချောင်းတွေကျန်တယ်။ အတိုအထွာတွေ၊ သုံးမရတော့တဲ့ဟာတွေ ကျန်တယ်။ နစ်နာကြေးကလည်း မရ‌သေးဘူး။ လယ်ကတော့ ပျက်စီးနေပြီး။ တံတားဆောက်ပေးတာ ပြည်သူတွေအတွက် ကောင်းတယ်။ အခုလို ပစ္စလက္ခတ်လုပ် တာတော့ မကောင်းဘူး။”ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တံတားများနှင့် လမ်းများသည် သတ်မှတ်ထားသော အရည်အသွေး နှင့် တံတားဆောက်လုပ်ရမည့် အလျားအနံ ပေအရှည်မှာ ပြည့်ဝမှုမရှိဘဲ ဆောက်လုပ်နေခြင်းဖြစ်သည်ဟု နတလမှ အာဏာဖီဆန်ရေးလှုပ်ရှားသူ- CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ ပိုင်ကျုံမြို့နယ်၊ ကျိပလီးကျေးရွာအဝင် တံတားတစ်စင်းမှာ တည်ဆောက်ပြီး တစ်နှစ်ကျော်အတွင်း ပျက်စီး သွားခဲ့ပြီး ယင်းသို့ တံတားပျက်စီးမှုကြောင့် ဒေသခံများအနေဖြင့် သယ်ယူပို့ဆောင်ရေးခက်ခဲသည့်အပြင် လယ်မြေ ပျက်စီးဆုံးရှုံးမှုနှင့်ပါ ထပ်မံ ကြုံတွေ့နေရသည်။