Home သတင်း ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

1027

ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေရှိ ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း တွင် ယနေ့အချိန်ထိ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ကျိုက်ဒုံမြို့ရှိ ဒေသခံများက ပြောသည်။

ထိုနယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများသည် ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း ၁၉မိုင်တွင် ယမန်နေ့က ထိ‌တွေ့တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယနေ့ထိတိုင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများနေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “မနေ့ကတော့ တပို့ဖိုးထ၊ တပို့ဖိုးခီဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဒဏ် ရာရတဲ့သူ များတယ်။ တစ်ညလုံး ထမင်းမစားရဘဲ လမ်းလျှောက်ရတော့ လမ်းတောင် မလျှောက်နိုင်ကြတော့ဘူး။ ဒီမနက်‌စောစော ရာသုံးတ(ဒေသအခေါ်)မှာ တိုက်ပွဲ ထပ်ဖြစ်‌သေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲများပြင်းထန်မှုကြောင့် အခင်းအကျင်းဖြစ်ပွားရာ နေရာအနီးအနားရှိ စာသင်‌ကျောင်းအချို့ကိုလည်း ပိတ်ထားရကြောင်း ကျောင်းဆရာမတစ်ဦးက ယခုလို ပြောသည်။

“စစ်ကောင်စီတပ်တွေ ကျမတို့ စာသင်ကျောင်းနားမှာပဲ ပြန်လာတယ်။ အဲ့ဒီမှာ တစ်ညနှစ်ည လာအိပ်သေးတယ်။ စာသင်လို့ မရဲတော့လို့ ကျောင်းတွေ ပိတ်ထားနေရတယ်။”ဟု ၎င်းကျောင်းဆရာမက ပြောသည်။

အဆိုပါတိုက်ပွဲမှာ ယနေ့ညနေအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သဖြင့် နှစ်ဖက် ထိခိုက် ကျဆုံးမှု အခြေအနေကို အတိအကျ မသိရှိရသေးသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များအရ သိရသည်။