ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားထိပ်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းနှင့် ရဲစခန်းအား ယမန်နေ့ ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုက်ခိုက်မှုအား Saw Dragon Drone Force နှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ(၄)တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဗုံး(၃)လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးရခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးက “ဗုံးသီး(၃)လုံးသွားကြဲချတာ နယ်ခြားစောင့်တပ်-BGF ဂိတ်စ ခန်းနားနဲ့ထမင်းဆိုင်ရှေ့ ကျပြီးပေါက်ကွဲတယ်၊ စစ်တပ်ဘက်က ဘယ်သူတွေထိသလဲတော့မသိဘူး။ ပေါက်ကွဲ မှုဖြစ်ပြီးတော့ ရာဘာခြံကနေပြန်လာတဲ့ ပြည်သူတစ်ယောက်ကို တံတားစောင့်တဲ့ဂိတ်စခန်းက စစ်သားတစ် ယောက်က သေနတ်နဲ့လှမ်းပစ်လို့ သေသွားတယ်။” ဟု ၎င်းက ပြောသည်။
ပစ်ခတ်ခံရသဖြင့်သေဆုံးသွားသူမှာ အသက်(၃၀)နှစ်အရွယ် ကိုငြိမ်းချမ်းအမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အငြိမ်းစားအရာရှိဟောင်းတစ်ဦး၏ သားဖြစ်သူဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီ၏ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများနှင့်ချန်နယ်များတွင်မူ ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ကေအဲန်ယူနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဒေသခံတစ်ဦး ထိုသို့လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိ၍ သေဆုံးသွားသည်ဟု ဆိုထားသည်။
ထို့အတူ ယမန်နေ့နံနက်(၆)နာရီဝန်းကျင်ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းအတွက် လာရောက်လုံခြုံရေးယူပေးသော ခြေမြန်တပ်ရင်း ခမရ-၂၀၇ မှ တပ်ဖွဲ့ဝင် (၂၅)ဦးခန့်ပါဝင်သောစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကေအဲန်ယူ တပ်မဟာ(၁) တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် နှစ်ဖက်ထိတွေ့မှုများ၊ တော်လှန်ရေးအင်အားစုများမှ ဒရုန်း ဗုံးဖြင့်ကြဲချတိုက်ခိုက်မှုများ ရက်ဆက်ဆိုသလိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အသေအပျောက်များ လျက်ရှိသည်ဟု တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။
အလားတူ ဇွန်လ(၃၀)ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးရှိ စစ်ကောင်စီယာဥ် တန်းအား ပူးပေါင်းတပ်များက မိုင်းခွဲတိုက်ခိုက်မှုပြီးနောက် လက်နက်ငယ်များဖြင့်ထပ်မံပစ်ခတ် တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦး သေဆုံးခဲ့သေးသည်။



















