Home သတင်း မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်ပိုမိုများပြားလာ

မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်ပိုမိုများပြားလာ

1123
Photo: CJ

ဇူလိုင် ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ မြဝတီကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်များ ပိုမိုများပြားလာကြောင်း ယာဉ်မောင်းများက ပြောသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်နှင့် အာရှလမ်း၏ တောင်ပေါ်လမ်းပိုင်းတစ်လျှောက်တွင် ယခင်က အသွားအလာ ယာဉ်များကို စစ်ဆေးရာတွင် ဂိတ် ၄ ခုရှိပြီး ၎င်းဂိတ်နေရာများ တိုက်ခိုက်ခံရပြီးနောက် နယ်ခြား စောင့်တပ်-BGFနှင့် စစ်ကောင်စီတပ်များပူးပေါင်း၍ နောက်ထပ် စစ်ဆေးရေးဂိတ် ၉ ခုအထိ တိုးမြှင့်စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“တိုက်ခိုက်ခံရပြီးတော့ ကုန်သွယ်ရေးဇုန်ဂိတ်မှာ လူတွေမရှိတော့ဘူး။ အခုမှအင်အားတွေ ထပ်ဖြည့်ထားတယ်။ ဂိတ်တွေလည်း များလာတယ်။ ရဲတွေရော စစ်သားတွေရော BGFတွေရော ရှိတယ်။ အရင်တုန်း ကဆိုရင် ၄ ဂိတ် လောက်ပဲရှိတယ်။ အခုက ၉ ဂိတ်လောက်ရှိသွားပြီ။ ဂိတ်အပြင်မှာ ၅ ယောက်လောက် မတ်တပ်ရပ်ပြီး စစ်တယ်။ အတွင်းထဲမှာကတော့ သပ်သပ်ရှိရင်ရှိမှာပေါ့” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် မြဝတီ၊ သင်္ကန်းညီနောင်နှင့် ကျုံဒိုးမြို့ စသည့်လမ်းပိုင်းတစ်လျှောက်တွင်လည်း စစ်ဆေးရေး ပြုလုပ် နေသည့် စစ်ကောင်စီတပ်နှင့် BGF တပ်များက အသွားအလာပြုလုပ်နေသည့် ပြည်သူများထံ ငွေညှစ်တောင်းခံ မှုများ ပြုလုပ်နေသည်ဟုလည်း ပစ္စည်းပို့လေ့ရှိသည့် မြဝတီမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ပစ္စည်းသွားပို့ပြီးဆိုရင် ဂိတ်မှာသူတို့အရပ်ဝတ်နဲ့စစ်ဆေးတယ်။ ကိုယ့်မှာ ပိုက်ဆံ ၁ သောင်းပါရင် သူတို့ကို လက်ဖက်ရည်ဖိုးဆိုပြီး ၅ ထောင်ပေးခဲ့ရတယ်။ ပိုက်ဆံမပေးသွားရင်တော့ အမြဲရစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်တိုးချဲ့မှုများသာမက မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်အဝင်အထွက်လမ်းများကိုလည်း ဂိတ်များတိုးချဲ့ကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။